သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တောင်အာဖရိကသမ္မတကတော်ဟောင်း Winnie Mandela ကွယ်လွန်


Winnie Mandela

တောင်အာဖရိကနိုင်ငံမှာ လူမျိုးရေးနဲ့ အသားရောင်ခွဲခြားမှုကို ထိပ်တန်းက ဆန့်ကျင်လှုပ်ရှားခဲ့သူဖြစ်ပြီး ၊ တောင်အာဖရိက သမ္မတဟောင်း Nelson Mandela ရဲ့ ဇနီးဖြစ်ခဲ့သူ Winnie Mandela ဟာ အသက် ၈၁ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်၊၊ အချိန်အတော်ကြာ နာမကျန်းဖြစ်ပြီးတဲ့နောက် တနင်္လာနေ့က ငြိမ်းငြိမ်းချမ်းချမ်းကွယ်လွန် သွားတယ်လို့ မိသားစုပြောခွင့်ရသူက ပြောပါတယ်။

Winnie Mandela နဲ့ ခင်ပွန်းဟောင်း Nelson Mandela တို့ဟာ တောင်အာဖရိကမှာ အသားအရောင်ခွဲခြားမှုကို နှစ်ပေါင်း ၃၀ လောက်ကြာအောင် ဆန့်ကျင်တိုက်ဖျက်ခဲ့ကြသူတွေဖြစ်ကြပါတယ်။ Winnie Mandela ဟာနိုင်ငံရေးသြဇာညောင်းသူတယောက်ဖြစ်သလို ဖိနှိပ်တဲ့လူဖြူအစိုးရကို ဆန့်ကျင်တွန်းလှန်ခဲ့လို့ သူ့ကို တောင်အာဖရိကနိုင်ငံရဲ့ မိခင်လို့လည်း တင်စားခေါ်ကြပါတယ်။ သူကိုယ်တိုင်လည်း ၁၉၉၁ ခုနှစ်တုန်းက ၁၄ နှစ်အရွယ် နိုင်ငံရေးလှုပ်ရှားသူ လူငယ်တဦးကို ပြန်ပေးဆွဲမှုမှာပါဝင်ပတ်သက်မှုနဲ့ ပြစ်ဒဏ်ကျခံရဘူးပါတယ်၊၊

၂၇နှစ်ကြာအကျဉ်းကျခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှာ Mr. Mandela ထောင်ကနေ လွတ်မြောက်ခဲ့စဉ်မှာ Winnie Mandela နဲ့ လက်တွဲလမ်းလျှောက် ထွက်လာတာကို သမိုင်းဝင်တွေ့မြင်ခဲ့ကြပါတယ်။ Mr. Mandela ကတော့ ၁၉၉၄ ခုနှစ်မှာ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတ ဖြစ်လာခဲ့ပါတယ်။

Winnie Mandela ဟာ နောက်ပိုင်းမှာတော့ ဥပဒေရေး။ နိုင်ငံရေးပိုင်းမှာ နာမည်ပျက်မှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ သူကွယ်လွန်တဲ့ သတင်းထွက်ပေါ်လာပြီးနောက် သူ့ရဲ့ နေအိမ်ရှိရာ Johannesburg မြို့က Soweto အရပ်က သူ့ရဲ့ နေအိမ်ဆီကို နိုင်ငံရေးခေါင်းဆောင်တွေအပါအဝင် ဝမ်းနည်းကြသူတွေ သွားရောက်ခဲ့ကြပါတယ်။

Winnie Mandela ဟာ သမ္မတဟောင်း Nelson Mandela နဲ့ ၃၈ နှစ်တာပေါင်းသင်းခဲ့ပြီး ၁၉၉၆ ခုနှစ်မှာကွာရှင်းခဲ့တာပါ၊၊ Nelson Mandela နဲ့လက်ထပ်ထားစဉ်အချိန်ကလည်း Mr. Mandela နှစ်ရှည်ထောင်ကျနေတဲ့အတွက် သူတို့ ၂ ယောက်ခွဲနေခဲ့ကြရတာပါ။

ခင်ပွန်းဖြစ်သူ ၂၇ နှစ်အကျဉ်းကျခံနေရစဉ်အချိန်တုန်းက သမီး ၂ ယောက်ကိုပြုစုစောင့်ရှောက်ရင်းသူတို့ ရဲ့ နိုင်ငံရေး မျှော်လင့်ချက်ကိုဆက်လက်ရှင်သန်စေခဲ့ပါတယ်၊၊

Winnie Mandela ဟာ ၂၀၁၈ နှစ်ဆန်းပိုင်းကတည်းက ဆေးရုံမှာ အကြိမ်ကြိမ်ဆေးကုသမှုခံခဲ့ရပြီး ဒီကနေ့ တင်္နလာနေ့ မှာ ကွယ်လွန်သွားတယ်လို့သိရပါတယ်၊၊

တောင်အာဖရိကသမ္မတကတော်ဟောင်း Winnie Mandela ကွယ်လွန်
please wait

No media source currently available

0:00 0:01:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG