တောင်အာဖရိကနိုင်ငံမှာ အသားရောင် ခွဲခြားမှုတိုက်ဖျက်ရေးခေါင်းဆောင်ကြီး နယ်လ်ဆင်မန်ဒဲလားကို ဂုဏ်ပြုတဲ့အနေနဲ့ နယ်လ်ဆင်မန်ဒဲလားနေ့ အထိမ်းအမှတ် အခမ်းအနားကို တောင်အာဖရိကနိုင်ငံသားတွေ ဆင်နွဲခဲ့ကြပါတယ်။ ဒါဟာ မစ္စတာ မန်ဒဲလားကွယ်လွန်ချိန်ကစပြီး ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပြီး ၊ တဘက်သားကို မေတ္တာ ကရုဏာထားတဲ့ လုပ်ရပ်တွေကိုလုပ်ပြီး ဆင်နွဲခဲ့ကြပါတယ်။
မစ္စတာ မန်ဒဲလားဟာ ၆၇ နှစ်ကြာ လူထုအကျိုးကိုထမ်းဆောင်ခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီပွဲကို စီစဉ်သူတွေက မစ္စတာ မန်ဒဲလားကို ထောက်ခံတဲ့ သူတွေကို တခြားလူတဦးကို ၆၇ မိနစ်ကြာ အကူအညီတွေပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ တချို့လူတွေက မိဘမဲ့ဂေဟာတွေ ကို သွားရောက် အကူအညီပေးခဲ့ကြပြီး၊ တချို့လူတွေကတော့ သူတို့ကိုယ်တိုင် လုပ်ထားတဲ့ စောင်တွေကို ဆင်းရဲနွမ်းပါးတဲ့သူတွေကို ပေးခဲ့ပါတယ်။
မနေ့သောကြာနေ့ကတော့ မစ္စတာမန်ဒဲလားရဲ့ ၉၆ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ မစ္စတာ မန်ဒဲလားဟာ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ဆင်းရဲနွမ်းပါးမှုနဲ့ ပတ်သက်ပြီး ရေရှည်ဖြေရှင်းမှုမျိုးရရှိဖို့အတွက် စိုးရိမ်ခဲ့တာဖြစ်တယ်လို့ မစ္စတာ မန်ဒဲလားရဲ့ မြေးဖြစ်သူ Ndileka Mandela က ပြောပါတယ်။