သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်မြောက် ကိုရီးယားခေါင်းဆောင်နှစ်ဦး နောက်တခေါက် တွေ့ဆုံ


တောင်နဲ့မြောက် ကိုရီးယားခေါင်းဆောင်နှစ်ဦး နောက်တကြိမ်တွေ့ဆုံစဉ်။ (မေ ၂၆၊ ၂၀၁၈)
တောင်နဲ့မြောက် ကိုရီးယားခေါင်းဆောင်နှစ်ဦး နောက်တကြိမ်တွေ့ဆုံစဉ်။ (မေ ၂၆၊ ၂၀၁၈)

တောင်ကိုရီးယားသမ္မတ Moon Jae-in နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ဟာ ဒီကနေ့မှာ ရုတ်တရက်တွေ့ဆုံခဲ့ကြပါတယ်။

၂ နိုင်ငံကြား စစ်မဲ့ဇုံအနီးမှာ တွေ့ခဲ့ကြတဲ့ ဆွေးနွေးပွဲအတွင်း အမေရိကန်သမ္မတ Donald Trump နဲ့ Kim Jong Un တို့ မကြာခင်မှာ ဖြစ်လာနိုင်တဲ့ ထိပ်သီးအစည်းအဝေးပွဲနဲ့ ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြတယ်လို့ တောင်ကိုရီးယားသမ္မတ ပြောခွင့်ရက ပြောပါတယ်။ ဒီဆွေးနွေးပွဲ ရလာဒ်ကိုတော့ တောင်ကိုရီးယားသမ္မတ Moon က တနင်္ဂနွေ နေ့ မနက်မှာ ကြေညာလိမ့်မယ်လို့လည်း ဆိုပါတယ်။ အမေရိကန်နဲ့ မြောက် ကိုရီးယား ကြား တွေ့ဆုံဆွေးနွေးကြမယ့် ကိစ္စနဲ့ ပတ်သက်ပြီး တိုးတက်ဖြစ်ထွန်းမှုတွေကို သတိထား စောင့်ကြည့်နေတယ်လို့လည်း တောင်ကိုရီးယားက ပြောကြားပါတယ်။

ဇွန်လ ၁၂ ရက်နေ့မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ စင်္ကာပူမှာ တွေ့ဆုံဖို့ စီစဉ်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲကို ဖျက်သိမ်းကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ပြောကြားပြီး နောက်တရက်အကြာမှာပဲ ဒီအစည်းအဝေး ဖြစ်နိုင်တဲ့ အခြေအနေ တွေ ရှိနေတုန်းပဲလို့ ထရမ့်က ပြောကြားခဲ့တာပါ။ ဇွန်လ ၁၂ ရက်နေ့ကျရင် စင်္ကာပူမှာ တွေ့ဆုံဆွေးနွေးမယ်လို့ ကနဦး ညှိနှိုင်းထားခဲ့တဲ့အတိုင်း ဖြစ်နိုင်ခြေရှိတယ်လို့ သောကြာ နေ့ ညနေမှာလည်း ထရမ့်က တွိတာမှာ ရေးသားပါတယ်။ ဒါမှမဟုတ်ရင်လည်း ဒီထက် အချိန်ပို လိုကောင်းလိုမယ်လို့လည်း ဆိုပါတယ်။

မြောက်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုကြား တွေ့ဆုံဆွေးနွေးဖို့ကိစ္စဟာ လုံးဝ ဖျက်သိမ်းလိုက်တာမျိုးမဟုတ်ဘဲ အခုအခါမှာတော့ ဒီထိပ်သီးဆွေးနွေးပွဲ ပြန်စတင်နိုင်တဲ့ အနေအထားမျိုးကို တွေ့ရတယ်လို့ တောင်ကိုရီးယားသမ္မတ ပြောခွင့်ရ Kim Eui-kyeom က ကြေညာချက်ထုတ် ပြောဆိုထားပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးတော့မှာ မဟုတ်ဘူးလို့ ထရမ့်က ကြာ သပတေးနေ့တုန်းက ပြောကြားခဲ့ပြီး သောကြာနေ့အစောပိုင်းမှာတော့ ထရမ့်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ မြောက်ကိုရီးယားက ဆန္ဒရှိနေသေးကြောင်း တုံ့ပြန်ခဲ့ပြီးနောက်မှာ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပဖို့နဲ့ ပတ်သက်ပြီး အလားအလာကောင်းတွေ တွေ့လာရပါ တယ်။ ထိပ်သီးဆွေးနွေးပွဲကျင်းပဖို့ ကြိုးပမ်းအားထုတ်တဲ့အနေနဲ့ ဘယ်အမေရိကန်သမ္မတကမှာ ဆောင်ရွက်ဝံ့မှာမဟုတ်တဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်တဲ့အတွက် သမ္မတ ထရမ့် ကို အထူးချီးကျူးပါကြောင်း မြောက်ကိုရီးယား ထိပ်တန်းသံတမန် Kim Kye Gwan က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG