သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင် မြောက်ကိုရီးယား မိသားစုတွေ့ဆုံရေး သဘောတူ


တောင်-မြောက်ကိုရီးယား မိသားစုများပြန်လည်တွေ့ဆုံ။ (နိုဝင်ဘာ၊ ၂၀၁၀)
တောင်-မြောက်ကိုရီးယား မိသားစုများပြန်လည်တွေ့ဆုံ။ (နိုဝင်ဘာ၊ ၂၀၁၀)
တောင်ကိုရီးယားနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေနဲ့ပတ်သက်လို့ မြောက်ကိုရီးယားအစိုးရဘက်က စိုးရိမ်မှုတွေ ရှိနေတဲ့ကြားကပဲ ကိုရီးယားစစ်ပွဲကြောင့် တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား ကွဲကွာနေတဲ့ မိသားစု ပြန်လည် ပေါင်းစည်းရေး စတင်သွားဖို့ နှစ်နိုင်ငံ သဘောတူခဲ့တဲ့အကြောင်း တောင်ကိုရီးယား က ပြောဆိုလိုက်ပါတယ်။

နယ်စပ်ဒေသ Panmunjom ရွာမှာ ဒုတိယအကြိမ် နှစ်နိုင်ငံ အဆင့်မြင့် ဆွေးနွေးမှုအတွင်း ဒီကနေ့ သောကြာနေ့မှာပဲ သဘောတူညီမှု ရယူခဲ့တဲ့အကြောင်း တောင်ကိုရီးယားအစိုးရရဲ့ ပြန်လည်ပေါင်းစည်းရေးရာ ဝန်ကြီးဌာနက ပြောခဲ့တာပါ။ တတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုတွေကိုလည်း လိုအပ်ရင် လုပ်သွားဖို့ရှိပေမဲ့၊ ပုံမှန် တွေ့ဆုံသွားမှာမျိုးတော့ မဟုတ်ဘူးလို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်လာဖို့အတွက် တဘက်နဲ့တဘက် အပြန်အလှန် ဝေဖန်ပြစ်တင်နေတာတွေ ရပ်ဆိုင်းဖို့လည်း နှစ်ဘက် သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

စေ့စပ်ညှိနှိုင်းမှုတွေဟာ နှစ်နိုင်ငံ စစ်ပွဲကာလ ၁၉၅၀ ပြည့်လွန်နှစ်တွေနောက် ပိုင်း ပဋိပက္ခတွေ ဆက်လက် ရှိနေဆဲဖြစ်တဲ့ ကိုရီးယားနှစ်နိုင်ငံကြား လွန်ခဲ့တဲ့ ၇ နှစ်အတွင်း အဆင့်မြင့် တွေ့ဆုံဆွေးနွေးမှုတွေရဲ့ အဆက်လည်း ဖြစ်ပါတယ်။ ဗုဒ္ဒဟူးနေ့က ပထမတကြိမ် တွေ့ဆုံမှုတွင်း မိသားစုပြန်လည်ပေါင်းစည်းရေး အစီအစဉ် စတင်မယ့် ဒီလနှောင်းပိုင်းမှာပဲ အမေရိကန်နဲ့ တောင် ကိုရီးယား နှစ်နိုင်ငံကြား ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဖို့ စီစဉ်ထားတဲ့ကိစ္စ ရွှေ့ဆိုင်းဖို့ မြောက်ကိုရီးယားဘက်က တောင်းဆိုခဲ့ပါတယ်။

ဒီစစ်ရေး လေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယားကို ကျူးကျော်ဖို့ ပြင်ဆင်မှုလို့ မြောက်ကိုရီးယားဘက်က ယူဆပြီး ဒီလေ့ကျင့်မှုတွေ ဆက်လုပ်မယ်ဆိုရင် မိသားစု ပြန်လည် ပေါင်းစည်းရေး အစီအစဉ်ကို ဖျက်သိမ်းပစ်မယ်လို့လည်း အစောပိုင်းတုန်းမှာ ပြောဆိုခဲ့ပါသေးတယ်။
XS
SM
MD
LG