သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်အာရှ စားကုန်ဈေးမြင့်မှု စားသုံးသူတွေကို ထောက်ပံ့ရန်လို


တောင်အာရှ ဒေသမှာ ဆန်နဲ့ ဂျုံလို အခြေခံ စားကုန်ဈေးနှုန်းတွေ တက်လာတာကြောင့် လူ သန်းပေါင်း များစွာ ဆိုးဆိုးရွားရွား ဆင်းရဲမွဲတေမှုဒဏ် ခံရနိုင်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က သတိပေး လိုက် ပါတယ်။ ဒါပေမဲ့လည်း စားကုန်တွေ ထောက်ပံ့ ဖြည့်ဆည်းပေးတဲ့ အစီအစဉ်တွေနဲ့ ဒေသတွင်းက အဆင်းရဲ ဆုံးသူ တွေကို အကူအညီ ပေးသွားမယ် ဆိုရင်တော့ ကုန်ဈေးနှုန်း ကြီးမြင့်မှု ဒဏ်ကနေ သက်သာရာ ရနိုင်တယ် လို့လည်း ပြောခဲ့ပါတယ်။

လူဦးရေဖွံ့ဖြိုးမှုနှုန်း မြင့်မားနေပြီး ဆင်းရဲမွဲတေမှု အနိမ့်ဆုံး အဆင့်အဖြစ် သတ်မှတ်ထားတဲ့ နေ့စဉ် (၁.၂၅) ဒေါ်လာနှုန်း တဝိုက်သာ ဝင်ငွေရှိသူ အများအပြား နေထိုင်ရာ ဒေသတခုအဖြစ် ကမ္ဘာပေါ်မှာ ကုန်ဈေးနှုန်း ကြီးမြင့်မှု အန ္တရာယ် ကြီးကြီးမားမား ရှိနေတယ်လို့လည်း (ADB) ရဲ့ အစီရင်ခံစာ အသစ်က ဖော်ပြပါတယ်။ တောင်အာရှ ဒေသက ဝင်ငွေ နည်းတဲ့ မိသားစုတွေကြားမှာ အစားအသောက်အတွက် ဝင်ငွေရဲ့ ထက်ဝက် လောက်ကို သုံးစွဲနေရတယ်လို့လည်း လေ့လာချက်မှာ တွေ့ရှိခဲ့တာပါ။

အစီရင် ခံစာကို ဦးဆောင်ပြုစုသူ (ADB) ရဲ့ စီးပွားရေးပညာရှင် ဟီရည မိုခါဟိုပါဒီဟေး (Hiranya Mukhopadhyay) ကတော့ အိန္ဒိယနိုင်ငံ လို နေရာမျိုးတွေက အဆင်းရဲဆုံးသူတွေ အခြေခံ စားသောက် ကုန်တွေ အတွက် ကုန်ကျ နေရတာတွေကို ထောက်ပံ့ ပေးနိုင်မယ်ဆိုရင် အစိုးရအတွက်လည်း ကြီးကြီး မားမား ဝန်ထုပ် ဝန်ပိုး မဖြစ်စေပဲ တကယ်လိုအပ်သူတွေလည်း အကူအညီတွေ ရနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

တောင်အာရှဒေသ စားသောက်ကုန်ဈေးနှုန်း တရိပ်ရိပ် တက်လာတာဟာ စိုးရိမ်စရာ ဖြစ်လာနေရတယ်ဆိုတဲ့ ADB ရဲ့ အစီရင်ခံစာမှာတော့ (၂၀၀၈) နဲ့ (၂၀၁၁) ခုနှစ်တွေမှာ ဈေးနှုန်းတွေ အမြင့်ဆုံး တက်ခဲ့ပြီးနောက် အဓိက စားသောက် ကုန်ဈေးတွေ တဖြည်းဖြည်း ပြန်လည် ကျဆင်းလာပေမဲ့ တောင်အာရှ ဒေသမှာတော့ ကမ္ဘာပေါ်က ကျန်ဒေသတွေထက် နှေးကွေးနေတယ်လို့လည်း သတိပေး ထားပါတယ်။

XS
SM
MD
LG