သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ် ပင်လယ် ပြဿ နာကြောင့် ASEAN ကြေညာ ချက် နှောင့်နှေး


တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုဆိုင်ရာ နယ်နမိတ်ပြ မြေပုံ။
တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုဆိုင်ရာ နယ်နမိတ်ပြ မြေပုံ။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ စည်းဝေးပွဲအတွင်း တောင်တရုတ်ပင်လယ်ပြင် အရေးနဲ့ပတ်သက်လို့ သဘောထား ကွဲပြားမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် နိဂုံးချုပ် ပူးတွဲကြေညာချက် ထုတ်ပြန်ဖို့အရေး နှောင့်နှေးနေပါတယ်။ တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံက နယ်မြေသိမ်းပိုက်မှုတွေ လုပ်ဆောင်နေတဲ့ကိစ္စနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ အထူးစိုးရိမ်ကြောင်းလည်း အာဆီယံ စည်းဝေးပွဲကို တက်ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံက တဖက်သတ် နယ်မြေ သိမ်းပိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုတဲ့ မြေဖို့ပြီး လူလုပ်ကျွန်းတွေ တည်ဆောက်နေတဲ့ကြားက တောင်တရုတ်ပင်လယ်ပြင်နဲ့ပတ်သက်လို့ ဘုံသဘောထား မထုတ်ပြန်နိုင်ပဲ နှောင့်နှေးနေတာဟာ ဒီကိစ္စမှာ အာဆီယံအဖွဲ့ အတွင်း သဘောထား ကွဲပြားမှုတွေ ဖြစ်ပေါ်နေတယ် ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ရဲ့ ပူးတွဲ သဘောထားကြေညာချက်ကို ဗုဒ္ဓဟူးနေ့ကတည်းက အပြီးသတ် ရေးဆွဲ ပြီးဆီးသင့်ခဲ့ပေမယ့် အခုချိန်ထိ မပြီးသေးကြောင်း၊ တောင်တရုတ် ပင်လယ်ပြင် အရေးနဲ့ပတ်သက်လို့ ဘယ်လို ထဲ့သွင်း ရေးဆွဲသင့်တယ်ဆိုတဲ့အပေါ် ဘုံသဘောတူညီချက် မရနိုင်ပဲ ဖြစ်နေကြောင်း ကြာသပတေးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး K. Shanmugam က ကွာလာလမ်ပူမြို့မှာ ပြောပါတယ်။

ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အမေရိကန်နဲ့ တရုတ်ပါအဝင် မိတ်ဖက်နိုင်ငံတွေရဲ့ ဆွေးနွေးပွဲ မှာ တောင်တရုတ် ပင်လယ်ပြင်အရေးက လွမ်းမိုးနေခဲ့တာ ဖြစ်ပါတယ်။

အစည်းဝေး အစီအစဉ်ထဲမှာ တောင်တရုတ်ပင်လယ်ပြင်အရေး ထည့်သွင်း ဆွေးနွေးခြင်းမပြုဖို့ တရုတ်နိုင်ငံဖက်က တောင်းဆိုခဲ့ပေမယ့် ဒီကိစ္စဟာ ချန်ထားခဲ့ဖို့ မဖြစ်နိုင်တဲ့ ကြီးမားတဲ့ အကြောင်းအရာ ဖြစ်နေတယ်ဆိုပြီး အိမ်ရှင် မလေးရှားနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့က ထည့်သွင်း ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။

ဒီစည်းဝေးပွဲကို တက်ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံက ကျွန်းတွေ တည်ဆောက်နေတဲ့ကိစ္စကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အထူး စိုးရိမ် ပူပန်ကြောင်း စည်းဝေးပွဲအပြီး ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ ထပ်လောင်း ပြောကြားလိုက်ပါတယ်။

“ တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံ နယ်မြေ သိမ်းပိုက်မှုတွေ အကြီးအကျယ် လုပ်ဆောင်နေတာနဲ့ စစ်စခန်း တည်ဆောက်ဖို့ ပြင်ဆင် လုပ်ဆောင်နေတာတွေအပေါ် ကျနော်တို့အနေနဲ့ အထူးစိုးရိမ် ပူပန်ကြောင်း ကျနော့်အနေနဲ့ ပြောကြားခဲ့ပါတယ်။ ဒီဒေသအတွင်းမှာ လွတ်လပ်စွာ ရေကြောင်း သွားလာခွင့်ရှိရေးနဲ့ ပင်လယ်ပြင်အတွင်း တရားဝင် လုပ်ငန်းတွေ လုပ်ပိုင်ခွင့် ရှိရေးကို အမေရိကန် ပြည်ထောင်စုအနေနဲ့ ထောက်ခံ အားပေးကြောင်း ကျနော် ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ဒီ လွတ်လပ်ခွင့်တွေဟာ နိုင်ငံ ကြီးငယ်မရွေး အားလုံး တန်းတူ အခွင့်အရေး ရှိသင့်တဲ့ လွတ်လပ်ခွင့်တွေ ဖြစ်တယ် ဆိုတာကိုလည်း ဒီနေရာမှာ ကျနော့်အနေနဲ့ ထပ်ပြီး သတိပေး ပြောကြားပါရစေ။ ဒါကြောင့် ဒီဒေသမှာ တင်းမာမှုတွေ၊ စစ်ရေးတည်ဆောက်မှုတွေနဲ့ တခြား ဆောက်လုပ်ရေးလုပ်ငန်းတွေ အရှိန်မြင့် လုပ်ဆောင်ခြင်း မဖြစ်ရအောင် အားလုံးက ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြဖို့ ကျနော် တိုက်တွန်းပါတယ်။”

အခု ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ရေပိုင်နက်အတွင်း နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံ တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေကို ရေကြောင်းကနေ သယ်ယူ ပို့ဆောင်နေကြတာ ဖြစ်တဲ့အတွက် ဒါဟာ ရေကြောင်း ပို့ဆောင်ရေးမှာ အရေးပါတဲ့ ဒေသတခုဖြစ်တာနဲ့အညီ တရုတ်နိုင်ငံက ဒီဒေသက နယ်မြေ အများစုကို သူတို့ပိုင်ဆိုင်ကြောင်း ပြောနေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကတော့ တောင်တရုတ် ပင်လယ်ပြင်အတွင်းမှာ တရုတ်တို့က လုပ်ဆောင်နေတဲ့ ကျွန်းတည်ဆောက်မှု လုပ်ငန်းတွေကို ရပ်တန့်ထားလိုက်ပြီဖြစ်ကြောင်းနဲ့ အငြင်းပွားနေတဲ့ ကိစ္စကိုလည်း တွေ့ဆုံ ဆွေးနွေး အဖြေရှာတဲ့နည်းလမ်းနဲ့ ဖြေရှင်းလိုကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်နဲ့ဆိုင်တဲ့ Code Of Conduct လို့ခေါ်တဲ့ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေ သတ်မှတ်နိုင်ဖို့ ဆွေးနွေးနေတဲ့ ကိစ္စကလည်း တိကျ ရေရာတဲ့ အဖြေထွက်မလာသေးပေမယ့် တိုးတက်မှုရှိပြီး နောက်တဆင့်ကို ရောက်လာနေပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Tanasak Patimapragorn က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ သဘောထားကြေညာချက်ကို ကြာသပတေးနေ့ နှောင်းပိုင်းမှာ ထုတ်ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အဆင့်မြင့် အရာရှိတွေက ပြောဆိုထားပေမယ့် ကြာသပတေးနေ့ ကုန်သွားတဲ့အထိ ထွက်မလာခဲ့ပါဘူး။

တရားဝင် ထုတ်ဖော် ပြောဆိုခြင်း မရှိပေမယ့်လည်း ဒီစည်းဝေးပွဲကို တက်နေကြတဲ့ အာဆီယံအဖွဲ့ဝင် အများစုရဲ့ သဘောထားအရ ကတော့ တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံအနေနဲ့ ကျွန်းတွေ တည်ဆောက်နေတာကို ရပ်တန့်ဖို့ လိုလားကြတဲ့အကြောင်း မလေးရှားကလာတဲ့ သတင်းတွေမှာ ရေးသား ဖော်ပြကြပါတယ်။

XS
SM
MD
LG