သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်မြေအငြင်းပွားမှု စစ်အင်အားသုံးမယ်လို့ တရုတ် သတိပေး


နယ်မြေအငြင်းပွားမှု စစ်အင်အားသုံးမယ်လို့ တရုတ် သတိပေး
နယ်မြေအငြင်းပွားမှု စစ်အင်အားသုံးမယ်လို့ တရုတ် သတိပေး

တောင်တရုတ်ပင်လယ်ပြင် အတွင်းက တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် စစ်ရေးအပါအဝင် နည်းလမ်းပေါင်းစုံနဲ့ ခုခံ ကာကွယ်သွားမယ်လို့ တရုတ်အစိုးရပိုင် သတင်းစာတွေကတဆင့် ဗီယက်နမ်ကို သတိပေး ပြောကြားလိုက်ပါတယ်။

ရေနံ ဓာတ်ငွေ့နဲ့ သဘာ၀ အရင်းအမြစ်တွေ ပေါကြွယ်ဝတဲ့ ကျွန်းတွေရှိတဲ့ ရေပိုင်နက် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဒေသတွင်း နိုင်ငံတွေအကြား အခြေအနေတွေ တင်းမာလာနေတဲ့အချိန် အင်္ဂါနေ့ထုတ် Global Times သတင်းစာ ခေါင်းကြီးပိုင်းမှာ တရုတ်အစိုးရက အခုလို လူသိရှင်ကြား ဗီယက်နမ်ကို သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဒီပဋိပက္ခဖြစ်နေတဲ့ စပရက်လီ (Spratly) ကျွန်းစုကိစ္စကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာနိုင်ခြင်း မရှိရင် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လိုအပ်ရင် ရေကြောင်းစောင့်ကြည့်ရေး တပ်ဖွဲ့နဲ့ ရေတပ်တို့ကို တရုတ်နိုင်ငံ အနေနဲ့ အသုံးပြုရလိမ့်မယ်လို့လည်း သတင်းစာထဲမှာ ဖော်ပြထားပါတယ်။

အခုလို အခြေအနေတွေ တင်းမာလာနေတာကြောင့် တရုတ်နိုင်ငံက ပထမဆုံးအကြိမ် စမ်းသပ် ခုတ်မောင်းမယ့် လေယာဉ်တင် သင်္ဘောကိုလည်း ဇူလိုင်လ ၁ ရက်နေ့ကို ပြောင်းရွှေ့ သတ်မှတ်လိုက်တယ်လို့ ဟောင်ကောင်အခြေစိုက် The Global Times သတင်းစာမှာ ဖော်ပြထားပါတယ်။

တောင်တရုတ်ပင်လယ်ထဲက အဲဒီ ကျွန်းစုတွေကို တရုတ်ဘက်က အထောက်အထား အခိုင်အလုံ မရှိဘဲ ပိုင်ဆိုင်ကြောင်း အခုလို ပြောဆိုနေတာတွေကို ပြန်လည် ခုခံနိုင်ဖို့ အာရှနိုင်ငံတွေ အနေနဲ့ သူတို့ရဲ့ ရေတပ်အင်အား ကောင်းလာအောင် အမေရိကန် ပြည်ထောင်စုက ကူညီပေးသင့်တယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) က ဝါရှင်တန်မြို့မှာ ပြောခဲ့ပါတယ်။

XS
SM
MD
LG