သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trumpအစိုးရလက်ထက် တောင်တရုတ် ပင်လယ်ကိစ္စ ပြသနာတက်နိုင်


ရွေးကောက်ခံသမ္မတ Trump
ရွေးကောက်ခံသမ္မတ Trump

Donald Trump သမ္မတဖြစ်လာပြီးတဲ့နောက်ပိုင်း ၂၀၁၇ ခုနှစ် အတွင်း ပြသနာဖြစ် လာနိုင်တဲ့ ကိစ္စရပ်တခုကတော့ တောင်တရုတ် ပင်လယ် အရေးပဲဖြစ်ပါတယ်။ Trump က နိုင်ငံခြားရေးဝန်ကြီးအဖြစ် တင်သွင်းခဲ့တဲ့ Rex Tillerson ရဲ့ သဘောထားဟာ တရုတ်နဲ့ ပါတ်သက်ပြီး ပိုတင်းမာတဲ့ လေသံ ထွက်နေပါတယ်။ မစ္စတာ Tillerson က အထက်လွှတ်တော်ကြားနာပွဲအတွင်း အမေရိကန် အမတ်တွေကို ပြောကြားရာမှာ လက်ရှိပိုင်နက် အငြင်းပွါးနေတဲ့ တောင်တရုတ် ပင်လယ်တွင်း တရုတ်တို့ရဲ့ ကျွန်းတု တည်ဆောက်မှုတွေဟာ တရားမဝင်သလို ဒါဟာ ရုရှားတွေ Crimea ကိုသိမ်းတာနဲ့ တူနေတယ်လို့ ဝေဖန်ခဲ့တာပါ။

ဒီကိစ္စအတွက် အမေရိကန်က ပြတ်ပြတ်သားသား လုပ်မယ် ဆိုတာကို ပြသရမှာ ဖြစ်ပြီး ပထမဆုံး ဒီလိုကျွန်းတုတည်ဆောက်မှုတွေကို ရပ်ခိုင်းရမှာပါ။ ဒုတိယအနေနဲ့ ဒီကျွန်းတွေဆီ သွားခွင့်ကိုလည်း မပေးရဘူးလို့ ပြောကြားခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးအဖြစ် Trump တင်သွင်းခဲ့သူ အငြိမ်းစား ဗိုလ်ချုပ်ကြီး James Mattis ကလည်း သူ့အတွက် ကြားနာပွဲမှာ အလားတူ စိုးရိမ် စိတ်ပူကြောင်း ပြောကြားခဲ့တာပါ။ ဒါဟာ ဒုတိယ ကမ္ဘာစစ် ဖြစ်ပွါးခဲ့ချိန်က စပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ တည်ရှိမှုကို အကြီးမားဆုံး အတိုက်ခိုက် ခံနေရတာ ဖြစ်ပြီး တိုက်ခိုက်မှု လုပ်သူတွေကတော့ ရုရှား၊ နောက် အကြမ်းဖက် အဖွဲ့တွေအပြင် အခု တရုတ်ရဲ့ တောင်တရုတ် ပင်လယ်ပြင်ထဲ လုပ်ဆောင်မှုတွေဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီလိုမှတ်ချက်တွေကိုကြည့်ရင် တက်လာမယ့် အမေရိကန် အစိုးရသစ်ရဲ့ တရုတ်နဲ့ ဆက်ဆံရေးဟာ ပိုပြီး ပြတ်ပြတ်သားသား တင်းကြပ်မယ့် ပုံတွေ့ရပါတယ်။

တချိန်ထဲမှာပဲ ဒီလအစောပိုင်းမှာ Liaoning လေယာဉ်တင်သင်္ဘောကြီး ဦးဆောင်တဲ့ တရုတ်ရေတပ် တခုဟာ တောင်တရုတ် ပင်လယ်ပြင်ထဲမှာ လက်နက်အပြည့်အစုံနဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်မယ့်အကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြု ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG