သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်မှာ အမေရိကန်စစ်သင်္ဘော နောက်ထပ်ကင်းလှည့်ဖို့ရှိ


တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နဲ့ တခြားနိုင်ငံတွေက ပိုင်ဆိုင်ကြောင်း ပြောဆိုနေတဲ့ ကျွန်းစုတွေအနီး အမေရိကန် ရေတပ်က ကင်းလှည့်မှုတွေ ထပ်မံ ပြုလုပ်သွားဖို့ အလားအလာရှိတယ်လို့ အမေရိကန် ကာကွယ်ရေးဌာန အရာရှိတဦးက ပြောပါတယ်။

တရုတ်တို့က တိုးချဲ့တည်ဆောက်နေတဲ့ သဒ္ဒါကျွန်းငယ်တခုကို ပိုကြီးတဲ့ကျွန်းအဖြစ် သောင်တူးပြီး တိုးချဲ့ တည်ဆောက်နေတဲ့ကျွန်းအနီး အမေရိကန်စစ်သင်္ဘော USS Lassen က ကျွန်းအနီး ၂၂ ကီလိုမီတာနဲ့ ညီမျှတဲ့ ရေမိုင် ၁၂ မိုင်အကွာမှာ ဖြတ်သန်းစဉ် တရုတ်ဘက်က စစ်သင်္ဘောတွေကလည်း နောက်ယောင်ခံ လိုက်နေတာကို ထင်ထင်ရှားရှား တွေ့ခဲ့ရတယ်လို့ အဲဒီအရာရှိက ပြောပါတယ်။

တရုတ်တို့ရဲ့ သင်္ဘောတွေနဲ့ လေယာဉ်တင် သင်္ဘောတွေကို မောင်းနှင်တဲ့သူတွေဟာ ဘေးကင်းလုံခြုံမှု ရှိပြီး ကျွမ်းကျင်မှုရှိတာကို တွေ့ရတယ်လို့ အဲဒီအမည်မဖော်လိုတဲ့ အရာရှိက ဗွီအိုအေကို ပြောပါတယ်။ အမေရိကန်သင်္ဘောတွေ တောင်တရုတ်ပင်လယ်ပြင်အတွင်း ရောက်လာရင် တရုတ်သင်္ဘောတွေက အဲဒီလို နောက်ခံလိုက်လေ့ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်ရဲ့ ကင်းလှည့်မှုကို တရုတ်နိုင်ငံ ပြစ်တင်ရှုတ်ချလိုက်ပြီး ဒါဟာ တကမ္ဘာလုံးရဲ့ ကုန်စည် တနှစ်ကို ၅ ထရီလီယံကျော် ဖြတ်သန်းသယ်ဆောင်ရာမှာ အသုံးပြုတဲ့ ရေပြင်ပိုင်နက်မှာ အန္တရာယ်ကြီးတဲ့ ရန်စမှုတရပ် ဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ USS Lassen စစ်သင်္ဘောဟာ တရားမဝင် ဝင်ရောက်လာတာဖြစ်ပြီး တရားဝင် ကန့်ကွက်ဖို့ အင်္ဂါနေ့က အမေရိကန် သံအမတ်ကြီး Max Baucus ကို ဆင့်ခေါ်ခဲ့ပါတယ်။ ဒေသတွင်းမှာရှိတဲ့ ဖိလစ်ပိုင်၊ ဂျပန်နဲ့ သြစတြေးလျ တို့ကလည်း ပြဿနာဖြစ်နေတဲ့ Spratly ကျွန်းစုအနီး အမေရိကန်စစ်သင်္ဘော အခုလို ဖြတ်သန်းမှုကို သတိထား ကြိုဆိုလိုက်ပါတယ်။

XS
SM
MD
LG