သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်အတွင်း အမေရိကန် စစ်သင်္ဘောဝင်ရောက်


တောင်တရုတ်ပင်လယ်အတွင်း ရေပိုက်နက်အငြင်းပွားနေတဲ့ နေရာမှာ လွတ်လပ်တဲ့ ရေကြောင်း သွားလာရေးစနစ် လှုပ်ရှားမှုကို အကောင်အထည်ဖော်တဲ့အနေနဲ့ အမေရိကန် ကာကွယ်ရေးဌာနက အင်္ဂါနေ့မှာ ရေတပ်စစ်သင်္ဘောတစင်း စေလွှတ်လိုက်ပါတယ်။

အမေရိကန်စစ်သင်္ဘော USS William P. Lawrence ဟာ တရုတ်နိုင်ငံ သိမ်းထားတဲ့ Fiery Cross သန္တာကျောက်တန်းတွေရဲ့ ရေကြောင်းမိုင် ၁၂ မိုင်အတွင်းကို ဝင်ရောက်ခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း ရေကြောင်းပိုင်နက်တွေအပေါ် ပိုင်ဆိုင်ကြောင်း အလွန်အကျွံ ရယူ၊ ပြောဆိုနေမှုတွေကို စိန်ခေါ်လိုက်တာ ဆိုပြီးတော့လည်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Bill Urban က ပြောဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lu Kang ကတော့ အမေရိကန် စစ်သင်္ဘောဟာ တရုတ်နိုင်ငံပိုင်နက်ထဲကို တရားမဝင် ဝင်ရောက်ခဲ့တာဆိုပြီး ပုံမှန်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

“တရုတ်နိုင်ငံဘက်က သက်ဆိုင်ရာ ဌာနတွေအနေနဲ့ စောင့်ကြည့်ပြီး ဥပဒေနဲ့အညီ သတိပေးတာ၊ စုံစမ်းတာတွေ လုပ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်နိုင်ငံပိုင် အချုပ်အခြာ အာဏာနဲ့ လုံခြုံရေး အကျိုးစီးပွားကို ထိပါးလိုက်တာ ဆိုတာ ကျနော် ပြောချင်ပါတယ်။ သန္တာကျောက်တန်းတွေပေါ်က လုပ်ငန်း အဆောက်အအုံတွေနဲ့ ဝန်ထမ်းတွေကို ခြိမ်းခြောက်လိုက်တဲ့ လုပ်ရပ်ဖြစ်သလို၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေတဲ့လုပ်ရပ် ဖြစ်ပါတယ်” - လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lu Kang က ပြောဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ကိုယ့်ရဲ့ အချုပ်အခြာပိုင် နယ်နမိတ်ကို ကာကွယ်ဖို့အတွက် လိုအပ်သလို ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ အငြင်းပွားနေတဲ့ ကျွန်းပေါ်မှာ တရုတ်နိုင်ငံဘက်က ပေ ၁ သောင်းရှည်တဲ့ လေယာဉ်ပြေးလမ်းနဲ့ တခြား စစ်ဘက်ဆိုင်ရာ အဆောက်အဦးတွေ ဆောက်လုပ်နေပါတယ်။

XS
SM
MD
LG