သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေပြင်ပိုင်နက်ဆိုင်ရာ ခုံရုံးဆုံးဖြတ်ချက် တရုတ်ဝေဖန်


တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံရဲ့ ရေပြင်ပိုင်ဆိုင်ကြောင်း ကြေညာမှုတွေကို ပယ်ချလိုက်ပြီး တရုတ်နိုင်ငံအနေနဲ့ သမိုင်းကြောင်းအရ ပိုင်ဆိုင်ပိုင်ခွင့် မရှိဘူးလို့ PCA နိုင်ငံတွေအကြား အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိအဖွဲ့က သမိုင်းဝင် ဆုံးဖြတ်ချက် ချမှတ်လိုက်တဲ့အပေါ် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

အခုလို ဆုံးဖြတ်ချက် ချလိုက်တာဟာ ဒီပြဿနာ ပြေလည်ရေးအတွက် နိုင်ငံတွေ အကြား တွေ့ဆုံ ဆွေးနွေးရေး အစီအစဉ်ကို အားလျော့သွားစေတဲ့အပြင် ပဋိပက္ခကို ပိုမို တင်းမာစေပြီး ထိပ်တိုက် ရင်ဆိုင်မှုတွေပါ ဖြစ်ပေါ်စေနိုင်တယ်လို့ သံအမတ်ကြီး Cui Tiankai က ဝါရှင်တန်ဒီစီမြို့မှာ အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။

အင်္ဂါနေ့ အစောပိုင်းတုန်းကတော့ တရုတ်သမ္မတ Xi Jinping က ဒီဆုံးဖြတ်ချက်ကို ပယ်ချလိုက်ပြီး၊ တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံရဲ့ နယ်မြေ အချုပ်အချာ ပိုင်ဆိုင်မှုနဲ့ ရေကြောင်းဆိုင်ရာ အကျိုးစီးပွားအပေါ်မှာ အခုဆုံးဖြတ်ချက်က ဘယ်လို သက်ရောက်မှုမှ ရှိမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံဟာ UNCLOS ခေါ် ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်ကို ချိုးဖောက်ပြီး ဖိလစ်ပိုင်ကမ်းခြေနဲ့ ၂၂၅ ကီလိုမီတာဝေးတဲ့ Scarborough Shoal သန္တာကျွန်းစုတွေကို ရန်မူတဲ့သဘောနဲ့ သိမ်းပိုက်ခဲ့တဲ့ ကိစ္စကို ဆုံးဖြတ်ပေးဖို့အတွက် ဖိလစ်ပိုင်နိုင်ငံက ၂၀၁၃ ခုနှစ်မှာ တင်ပြ လျှောက်ထားခဲ့တဲ့အမှုကို the Hague မှာ အခြေစိုက်တဲ့ PCA ခုံသမာဓိ အဖွဲ့က အင်္ဂါနေ့မှာ ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်ပါတယ်။

ဒီစီရင်ချက်ဟာ တောင်တရုတ်ပင်လယ်ပြင် အရေးကိစ္စနဲ့ပတ်သက်လို့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းရေးဆိုတဲ့ နိုင်ငံတကာရည်မှန်းချက်ကို ဖြည့်ဆည်းပေးတဲ့ အရေးပါတဲ့ စီရင်ချက်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် John Kirby က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG