သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေပြင်ပိုင်နက်ဆွေးနွေးရေး တရုတ်ကမ်းလှမ်းချက် ဖိလစ်ပိုင်ပယ်ချ


တောင်တရုတ်ပင်လယ် ရေနယ်နမိတ်ကိစ္စ တင်းမာနေမှုကို အပြန်အလှန်ဆွေးနွေးဖို့ တရုတ်ဘက်က ကမ်းလှမ်းချက်ကို ဖိလစ်ပိုင်နိုင်ငံက အင်္ဂါနေ့က ပယ်ချလိုက်ပါတယ်။

တောင်တရုတ်ပင်လယ်ထဲက ရေပြင်နယ်နမိတ်တွေကို တရုတ်တို့က ပြောနေတဲ့အတိုင်း မပိုင်ဆိုင်ဘူးလို့ နိုင်ငံတွေကြား အငြင်းပွားမှု ဖြေရှင်းရေး ခုံသမာဓိအဖွဲ့က အဆုံးအဖြတ် ပေးထားတာနဲ့ ပတ်သက်လို့ တရုတ်အစိုးရက မဆွေးနွေးနိုင်ဘူးလို့ ငြင်းဆန်ထားတာကြောင့် ဖိလစ်ပိုင်ဘက်က တရုတ်ကမ်းလှမ်းချက်ကို ပယ်ချခဲ့တာပါ။

ရေပိုင်နက်ကိစ္စ ဆွေးနွေးရင် ထိပ်တိုက်ရင်ဆိုင်မှုဆီကိုပဲ ဦးတည်လိမ့်မယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ပြီးခဲ့တဲ့ သီတင်းပတ်ကကျင်းပခဲ့တဲ့ အာရှ ဥရောပ ထိပ်သီးဆွေးနွေးပွဲမှာ ပြတ်ပြတ်သာသား ပြောကြားခဲ့ပါတယ်။

The Hague မှာအခြေစိုက်တဲ့ နိုင်ငံတွေကြား အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိအဖွဲ့ရဲ့ ဇူလိုင်လ ၁၂ ရက်နေ့က ဆုံးဖြတ်ချက်ဟာ တရားမဝင်တဲ့အပြင် လိုက်နာစရာအကြောင်းမရှိဘူးလို့ တရုတ်တို့ကပြောကြားပြီး ပယ်ချခဲ့ပါတယ်။

ဖိလစ်ပိုင်ကမ်းလွန်က Scarborough ကျွန်းသေးလေးတွေကို တရုတ်က ၂၀၁၂ ခုနှစ်မှာ သူတို့အပိုင်လုပ်ခဲ့ပြီးနောက် ဖိလစ်ပိုင်အစိုးရက အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိအဖွဲ့ကို ဖြေရှင်းပေးဖို့ တင်ပြခဲ့တာဖြစ်ပါတယ်။

အဲဒီကျွန်းသေးလေးတွေကို တရုတ်တို့ပိုင်ဆိုင်လာတဲ့ အထောက်အထားမရှိဘူးဆိုတဲ့ ဆုံးဖြတ်ချက်ချခဲ့ပြီးထဲက အဲဒီနေရာတွေနားဆီ ဖိလစ်ပိုင်ငါးဖမ်းယာဉ်တွေ မသွားနိုင်အောင် တရုတ်ကမ်းရိုးတန်းစောင့် တွေက တားဆီးခဲ့ပါတယ်။ ဒါ့အပြင် ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ Spratly ကျွန်းစုတွေထဲမှာ တရုတ်တို့ မြေဖို့ဆောက်ထားတဲ့ ကျွန်း ၂ ခုပေါ်က လေယာဉ်ပြေးလမ်းသစ် ၂ ခုပေါ်ကို တရုတ်အရပ်ဖက် လေယာဉ် ၂ စီး ဆင်းသက်ခဲ့ပါတယ်။

ဒါတင်မက ရေပြင်ပိုင်နက် အငြင်းပွားနေတဲ့ ရေလမ်းကြောင်း တချို့ကိုပိတ်ပြီး ဟိုင်နန်ကျွန်း အရှေ့တောင်ဘက်မှာ စစ်ရေးလေ့ကျင့်မှုတွေကို ကြာသပတေးနေ့အထိ ပြန်လုပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG