တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း ပြောဆိုထားတဲ့ ဒေသအပါအဝင် တရုတ်နိုင်ငံ ရေပိုင်နက်အတွင်း တရားမဝင် ငါးဖမ်းတဲ့သူတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ တရုတ်အစိုးရက ကြေညာလိုက်ပါတယ်။
တရုတ်ရေပိုင်နက်ထဲကို တနှစ်အတွင်းမှာ ၁ ကြိမ်ထက်ပိုပြီး တရားမဝင် ဝင်ရောက်လာတဲ့ ငါးဖမ်းသမားတွေအနေနဲ့ ဒဏ်ငွေ ပေးဆောင်ရမှာဖြစ်ပြီး ထောင်ဒဏ် တနှစ်အထိလည်း ကျခံရနိုင်တယ်လို့ တရုတ်နိုင်ငံတော် တရားရုံးချုပ်က အင်္ဂါနေ့မှာ အမိန့် ထုတ်ပြန်လိုက်ပါတယ်။
Spratly ကျွန်းစုတွေအနီးမှာရှိတဲ့ မိုင် ၂၀၀ ကျယ်ဝန်းတဲ့ စီးပွားရေးဇုံအပါအဝင် တောင်တရုတ်ပင်လယ်ပြင်အတွင်းက ရေပိုင်နက်တွေကို တရုတ်နိုင်ငံအနေနဲ့ ပိုင်ဆိုင်ခြင်း မရှိကြောင်း the Hague မှာ အခြေစိုက်တဲ့ အငြင်းပွားမှုဖြေရှင်းရေး နိုင်ငံတကာ တရားရုံးက ပြီးခဲ့တဲ့လတုန်းက စီရင်ချက် ချခဲ့ပြီး ဖြစ်ပါတယ်။
ကမ်းလွန်ပြင်မှာ လုံခြုံရေးအရ ခြိမ်းချောက်မှုတွေ ရှိနိုင်ကြောင်းနဲ့ တရုတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ကာကွယ်ဖို့အတွက် ရေပြင် စစ်ပွဲ ဆင်နွဲဖို့ ပြင်ဆင်ရမယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး Chang Wangquan က သတိပေး ပြောကြားခဲ့ပါတယ်။
ဒီအတောအတွင်း တရုတ်အစိုးရရဲ့ ရန်လိုတဲ့ ရပ်တည် လုပ်ဆောင်မှုကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဂျပန်အစိုးရက အင်္ဂါနေ့မှာ လုံခြုံရေးအခြေအနေတွေနဲ့ ပတ်သက်လို့ သုံးသပ် ပြောကြားလိုက်ပါတယ်။