သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ဝေဟင် တရုတ်စောင့်ကြည့်ရန်အသင့်


ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲမှာ ပြည်ပကလေယာဉ်တွေ ကို စောင့်ကြည့်ပိုင်ခွင့်ရှိမယ့် လေကြောင်း ကာကွယ်ရေးဆိုင်ရာ ခွဲခြားစစ်ဆေးရေး ဇုန်နယ်မြေတခု တည်ဆောက်ဖို့ တရုတ်နိုင်ငံက အသင့်ဖြစ်နေပြီလို့ နိုင်ငံပိုင်အဖွဲ့အစည်းတခုက သတိပေးလိုက်ပါတယ်။

ဒါပေမဲ့လည်း အစီအစဉ်ဟာ လေကြောင်းသွားလာမှုတွေကို တားဆီးနိုင်မှာမဟုတ်ဘဲ တခြားနိုင်ငံတွေအနေနဲ့ ဒေါသထွက်စရာသာ ဖြစ်လိမ့်မယ်လို့ လည်း ဆန်းစစ်သူတွေက မြင်ကြပါတယ်။

အစီအစဉ်အရ အငြင်းပွားနေတဲ့ ပင်လယ်ပြင်မှာ နိုင်ငံခြားသင်္ဘောတွေ သွားလာမှုကို ထိန်းချုပ်မယ့် ခြေလှမ်းတွေလည်း ဆက်တိုက် လိုက်ပါလာမှာပါ။ ဒါဟာဆိုရင် တရုတ်နိုင်ငံက ရေပိုင်နက်နယ်မြေ အများစုကို ပိုင်ဆိုင်ကြောင်း ပြောဆိုနေတာတွေဟာ တရားဝင်မှု မရှိကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လထဲ နိုင်ငံတကာခုံသမာဓိရုံးက ဆုံးဖြတ်ခဲ့ပြီးနောက်၊ တရုတ်နိုင်ငံက သူပိုင်ဆိုင်ကြောင်းပြသဖို့ ရည်ရွယ်နေတာကို ပြသရာရောက်နေပါတယ်။

အငြင်းပွားနေတဲ့ ပင်လယ်ပြင်မှာ ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်က ကင်းလှည့်ထောက်လှမ်းမှုပေါင်း ခန့်မှန်းချေ အကြိမ် ၇၀၀ လောက် ရှိခဲ့ပြီး ဒီလိုလုပ်ရပ်တွေကို မရပ်ဘူးဆိုရင်၊ တရုတ်နိုင်ငံအနေနဲ့ လေကြောင်းကာကွယ်ရေးဇုန်နယ်မြေ တည်ဆောက်ဖို့ အသင့်ရှိနေတဲ့အကြောင်း တရုတ်အစိုးရပိုင် တောင်တရုတ်ပင်လယ်ပြင် လေ့လာရေးဆိုင်ရာ သုတေသနဌာနကနေ ပြောဆိုခဲ့တာပါ။

အမေရိကန်အစိုးရကတော့ တရုတ်နိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတော်တော်များများနဲ့ မဟာမိတ်ဖွဲ့ထားသလို၊ တောင်တရုတ်ပင်လယ်ပြင်တွင်း နေရာ တော်တော်များကိုလည်း နိုင်ငံတကာရေပိုင်နက်အဖြစ်နဲ့သာ အသိအမှတ်ပြုထားပါတယ်။ တရုတ်နိုင်ငံကတော့ အမေရိကန်ဟာ တရုတ်နိုင်ငံရဲ့ အင်အားကြီးထွားမှုကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ပြောဆိုနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG