အာဆီယံအဖွဲ့နဲ့ တရုတ်နိုင်ငံတို့အကြား သဘောတူညီချက်မူကြမ်း ရရှိခဲ့တဲ့အတွက် ကြိုဆိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ်ကလင်တန်က ပြောဆိုလိုက်ပါတယ်။ ဒါဟာ ဖြစ်ပေါ်နေတဲ့ တောင်တရုတ်ပင်လယ် တင်းမာမှုကို လျော့ချနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောဆိုပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့လည်း မြန်မာအစိုးရသစ်အနေနဲ့ အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် လုပ်ဆောင်ဖို့ လိုအပ်တဲ့အချက်အလက်တွေကို ချပြပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ သတင်းထောက် David Gollusts က ဘာလီကျွန်းကနေ သတင်းပေးပို့ထားတာကို ဦးစံမိုးဝေက တင်ပြထားပါတယ်။
တောင်တရုတ်ပင်လယ်တွင်းက နယ်နိမိတ်အငြင်းပွားနေမှုကို ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးအတွက် လိုလားချက်အမျိုးမျိုးနဲ့ ရေးဆွဲထားတဲ့ သဘောတူညီချက်မူကြမ်းမှာ သုံးစွဲထားတဲ့ စကားလုံးတွေကတော့ ဝိုးတိုးဝါးတား ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီသဘောတူညီမှုက အမေရိကန်နဲ့ ကာကွယ်ရေးမဟာမိတ်ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ တရုတ်တို့အကြား တင်းမာနေမှုကို လျော့ချနိုင်တ ဲ့အတွက် စိတ်သက်သာရဖြစ်မိတဲ့ အကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ အာဆီယံ ဝန်ကြီးများအဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က သီးခြားတွေ့ဆုံမှုအနေနဲ့ ပထမဆုံး တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ရရှိထားတဲ့ သဘောတူညီမှုအတွက် ကြိုဆိုလိုက်သလို မြောက်ကိုရီးယား နျူကလီးယားကိစ္စကိုလည်း အာရုံစိုက် ဆွေးနွေးမယ်လို့ သူက ပြောပါတယ်။
“တောင်တရုတ်ပင်လယ်တွင်း လိုက်နာရမယ့်စည်းမျဉ်းတွေနဲ့ ပတ်သက်တဲ့ ကြေညာချက်အတွက် အကောင်အထည်ဖော်ရမယ့် လမ်းညွှန်ချက်တွေကို ထည့်သွင်းရာမှာ တရုတ်နဲ့အာဆီယံတို့ ပူးပေါင်း ဆောင်ရွက်ဖြစ်ကြတဲ့အတွက် ကျမ ချီးကျူးပါတယ်။ ဒါ့အပြင် ကိုရီးယားကျွန်းဆွယ် တည်ငြိမ်ရေးနဲ့ ငြိမ်ချမ်းရေးအတွက် တရုတ်နဲ့အမေရိကန်ကြား ထားရှိတဲ့ တူညီတဲ့သဘောထားတွေကိုလည်း ကျမတို့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။”
တောင်တရုတ်ပင်လယ်တွင်းက အရေးပါတဲ့ ကုန်သွယ်ရေကြောင်းလမ်းနဲ့ စွမ်းအင်အရင်းအမြစ် ကိစ္စတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဟာ ထိုင်ဝမ်အပါအဝင် အာဆီယံနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း၊ ဗီယက်နန်စတဲ့ နိုင်ငံတွေနဲ့ အငြင်းပွားနေမှု တိုးပွားနေခဲ့တာပါ။ ဝန်ကြီး မစ္စ်ကလင်တန်နဲ့ တွေ့ဆုံ ဆွေးနွေးစဉ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ယင်း က ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ရေးကို မြင်တွေ့လိုတဲ့ အကြောင်း ပြောပါတယ်။
“လမ်းညွှန်ချက်တွေ အဆုံးသတ်ရေးဟာ အင်မတန် ထူးခြားအရေးပါတဲ့အရာ ဖြစ်တယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒေသတွင်း အိမ်နီးချင်းကောင်းတွေအကြား ရေရှည် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းသွားဖို့ ဖြစ်ပါတယ်။ လိုလားချက်အသီးသီးနဲ့ အငြင်းပွားနေမှုကို ပြေလည်မှုရအောင် နည်းမှန်လမ်းမှန်နဲ့ ကိုင်တွယ်ဖြေရှင်းရမှာလည်း ဖြစ်ပါတယ်။”
အမေရိကန် အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့ဒ်ကမ့်ဘဲလ် ကလည်း လမ်းညွှန်ချက်ကိစ္စနဲ့ပတ်သက်ပြီး ကြိုဆိုကြောင်း ကနဦး ပြောဆိုခဲ့ပါတယ်။ ဒါဟာ ဒေသတွင်း တိုးတက်တဲ့ နိုင်ငံရေးအခြေအနေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
“ဒါဟာ အရေးပါတဲ့ ပထမခြေလှမ်း ဖြစ်ပါတယ်။ ဒါကိုကျနော်တို့ ကြိုဆိုပါတယ်။ တင်းမာမှုတွေ လျော့ကျ သွားလိမ့်မယ်လို့လည်း ထင်ပါတယ်။ တိုးတက်မှုပါ။ ဒါပေမဲ့ ဒါဟာ ပထမခြေလှမ်းပဲ ရှိပါသေးတယ်။ တရုတ်နဲ့ အာဆီယံအကြား ဆက်ပြီးတော့ အတူတကွ လုပ်ဆောင်တာတွေကို မြင်ရဖို့လိုပါတယ်။”
သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထိပ်တန်းတာဝန်ရှိသူက အာဆီယံ ဆွေးနွေးပွဲအတွင်း မြောက်နဲ့တောင် ကိုရီးယား ကိုယ်စားလှယ်တွေ အနေနဲ့ သံခင်းတမန်ခင်း ဆက်ဆံမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းအပေါ် ကြိုဆိုကြောင်း ပြောပါတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယား တို့ ဆွေးနွေးပွဲပြုလုပ်နိုင်ချေ ရှိတဲ့အကြောင်း ဂျပန်သတင်းဌာနရဲ့ သတင်းကိုတော့ အမေရိကန် ထိပ်တန်းတာဝန်ရှိသူက ခိုင်ခိုင်မာမာ ငြင်းဆိုပါတယ်။ မြောက်နဲ့တောင် ကိုရီးယား ပြဿနာအပေါ် တိုးတက်မှု တစုံတရာ မတွေ့ရသေးသရွေ့ အဲဒီလို တွေ့ဆုံမှုမျိုးဟာ တွေတောင်မတွေးနိုင်သေးဘူးလို့ ပြောပါတယ်။
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့ဒ်ကမ့်ဘဲလ်ဟာ အခု သီတင်းပတ်အစောပိုင်းက ဘာလီမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံခဲ့ပြီးတော့ မြန်မာအရပ်သား အစိုးရနဲ့ ဝါရှင်တန်အကြား ဆက်ဆံရေး တိုးတက်စေဖို့အတွက် လမ်းညွှန်မှုတွေ ရှင်းရှင်းလင်းလင်း ချပြခဲ့တယ်လို့ သိရပါတယ်။ သမ္မတ အိုဘားမား အစိုးရအနေနဲ့ အရင်စစ်အစိုးရတို့အကြား ဘာမှအဖြေမရှာနိုင်ခဲ့တဲ့ကိစ္စဟာ လုံး၀ စိတ်ပျက်စရာ ကောင်းပါတယ်။ အခု အာဏာပိုင်အသစ်တွေအနေနဲ့ အထီးကျန်ဆန်နေတဲ့ မြန်မာ့နိုင်ငံရေးကို အဆုံးသတ်နိုင်ဖို့ အရင်အစိုးရနဲ့မတူတဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်မှုတွေ လုပ်ဖိုလိုတယ်လို့ ပြောပါတယ်။
စနေနေ့ အာဆီယံအစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီး မစ္စ် ကလင်တန်က ကြေညာချက် ထုတ်ပြန်ရာမှာ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်စေဖို့အတွက် အချက်အလက်တွေကို ချပြခဲ့တယ်လို့ မစ္စတာ ကမ့်ဘဲလ်က ပြောပါတယ်။ မြန်မာအစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစကားပြောဆို ဆွေးနွေးဖို့၊ တိုင်းရင်းသားတွေအပေါ် စစ်ရေးအရ တိုက်ခိုက်နေမှုတွေကို ရပ်တန့်ဖို့၊ ကုလသမဂ္ဂ ဆုံးဖြတ်ထားတဲ့အတိုင်း မြောက်ကိုရီးယားနဲ့ ကုန်သွယ်နေမှု မလုပ်ဖို့ စတာတွေ ပါဝင်ပါတယ်။ ဆက်လက်ပြီးတော့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကမ့်ဘဲလ် က မြန်မာခေါင်းဆောင်သစ်တွေဆီက ဖြစ်နိုင်ချေရှိတဲ့ အလင်းရောင် အစအနလေးတွေကို အစောပိုင်းမှာ ပြသခဲ့ပေမဲ့ ဘာအကျိုးသက်ရောက်မှု ဖြစ်လာတာကိုမှ အမေရိကန်ဘက်က မတွေ့ရဘူးလို့ ဆိုပါတယ်။ ဆက်ဆံရေး ကောင်းမွန်စေဖို့အတွက် လုပ်ဆောင်ရမယ့် အခြေအနေ ကုန်သွားတာပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။