သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးရှာဖွေဖို့ ကန်ကင်းထောက်လေယာဉ် စေလွှတ်


အရှေ့တောင်အာရှဒေသ ပင်လယ်ပြင်မှာ လူမှောင်ခိုကူးသူတွေ စွန့်ပစ်တာခံကြရတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ရှာဖွေဖို့ အမေရိကန် ပြည်ထောင်စုက ကင်းထောက်လေယာဉ်တွေနဲ့ စတင်ကူညီနေပါပြီ။ ပင်လယ်ပြင်မှာ ကင်းထောက်တဲ့ အစီအစဉ်တွေကို မလေးရှားအနောက်ဘက် ကမ်းလွန်ဒေသမှာ တနင်္ဂနွေနေ့က စခဲ့တာလို့လည်း ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးက ဗွီအိုအေကို ပြောဆိုခဲ့တာပါ။

ကင်းထောက်လေယာဉ် ပျံသန်းမှုနဲ့ပတ်သက်တဲ့ အသေးစိတ်ကို သံရုံးက မပြောပေမဲ့ ဒေသတွင်းအစိုးတွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ခဲ့တာလို့ ပြောပါတယ်။ ဒီအတောအတွင်း ကပ္ပလီပင်လယ်ထဲမှာ မျောနေကြတဲ့ လှေစီးပြေးဒုက္ခသည်တွေကို ထိုင်းစစ်တပ် ကင်းလှည့် လေယာဉ်တွေနဲ့ ရှာဖွေရေး လုပ်ငန်းတွေ ဒီကနေ့ပဲ စတင်လိုက်ပြီ ဖြစ်တဲ့အကြောင်း ထိုင်းအစိုးရက ပြောဆိုခဲ့ပါတယ်။

အရှေ့တောင်အာရှဒေသ ပင်လယ်ထဲ မှာ စက်လှေတွေနဲ့ မျောနေကြတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို ဒေသတွင်းနိုင်ငံတွေက ထိထိရောက်ရောက် ရှာဖွေ ကယ်ဆယ် တာ မရှိဘူးဆိုတဲ့ ဝေဖန်ချက်တွေ အများအပြား ထွက်ခဲ့ပြီးတဲ့နောက် ထိုင်းလေတပ်ဦးစီးချုပ် Jom Rungsawang က ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေလည်း ပါဝင်နေပေမဲ့ ပြဿနာကို ဖြေရှင်းဖို့ တွန့်ဆုတ်နေတယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းက အပြစ်တင်နေတဲ့ မြန်မာနိုင်ငံကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ လှေစီးပြေး ဒုက္ခသည် ၂၀၈ ယောက်ကို ရှာဖွေ ကယ်ဆယ်ခဲ့တဲ့ အကြောင်း ကြေညာထားတာပါ။

ကယ်ဆယ်ခဲ့သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဖြစ်ကြောင်း ပဏာမစစ်ဆေးချက်တွေမှာ တွေ့ရှိခဲ့ရပြီး နေရပ်ရင်း ပြန်ပို့ဖို့လည်း ၂ နိုင်ငံအစိုးရတွေ ညှိနှိုင်းစီစဉ်နေတယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

XS
SM
MD
LG