သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားကလည်း လေကြောင်းကာကွယ်ရေး ဇုန်သစ် ကြေညာ


တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ မစ္စတာ Kim Min-seok သတင်းစာရှင်းလင်းပွဲမှာ လေကြောင်းကာကွယ်ရေးဇုန်သစ်နဲ့ပတ်သက်လို့ သတင်းထောက်များကို ပြောကြားစဉ်။ (ဒီဇင်ဘာ ၈၊ ၂၀၁၃)
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ မစ္စတာ Kim Min-seok သတင်းစာရှင်းလင်းပွဲမှာ လေကြောင်းကာကွယ်ရေးဇုန်သစ်နဲ့ပတ်သက်လို့ သတင်းထောက်များကို ပြောကြားစဉ်။ (ဒီဇင်ဘာ ၈၊ ၂၀၁၃)
တောင်ကိုရီးယားနိုင်ငံဟာ လေကြောင်းကာကွယ်ရေးနယ်မြေတိုးချဲ့ကြောင်း ကြေညာသွားပြီး အဲဒီထဲက တချို့အပိုင်းတွေဟာ တလောကပဲ တရုတ်တို့ ကြေညာသွားတဲ့ လေကြောင်းဇုန်နဲ့ ထပ်နေပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ စတင်အကျုံးဝင်မယ့် ဒီနယ်မြေထဲမှာ တောင်ကိုရီးယား တောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ တည်မှာရှိပြီး တရုတ်တို့က suyan လို့ခေါ်တဲ့ ရေပေါ်ပေါ်နေတဲ့ သန္တာကျောက်ကျွန်း Ieodo လည်း ပါဝင်ပါတယ်။ တောင်ကိုရီးယားက သူတို့ဒီလိုလုပ်မယ်ဆိုတာ အမေရိကန် ဒုသမ္မတ Joe Biden နဲ့ တောင်ကိုရီးယား သမ္မတ Park Geun-hye တို့ရဲ့ သောကြာနေ့က ဆွေးနွေးမှုမှာအပါအဝင် အမေရိကန်နဲ့ အရင်တိုင်ပင်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ ပြောသွားပါတယ်။

အဲဒီဒေသတွင်းက မဟာမိတ်တွေ မိတ်ဖက်တွေရဲ့ လုပ်ရပ်တွေဟာ ဒေသတွင်း ပိုပြီး တည်ငြိမ်ရေး၊ တွက်လို့ရတဲ့ အနေအထားမှာ ပိုရှိပြီး နိုင်ငံတကာရဲ့ စည်းမျဉ်းတွေနဲ့ ပို ကိုက်ညီမှုရှိဖို့ အမေရိကန် ပြည်ထောင်စုဟာ သူတို့တွေနဲ့ ဆက်ပြီးအနီးကပ် တိုင်ပင်သွားမှာ ဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်တို့က သူတို့ရဲ့ ပိုင်နက်တွေပါလို့ ပြောထားတဲ့ အရှေ့တရုတ်ပင်လယ်ထဲကနယ်မြေတချို့ကိုပါထည့်ပြီး တရုတ်က လေကြောင်းကာကွယ်ရေး နယ်မြေသစ် တခုကို နိုဝင်ဘာလ ၂၃ ရက်နေ့က ကြေညာသွားတာကို တောင်ကိုရီးယားက အခုလို တုံ့ပြန်လိုက်တာပါ။

အဲဒီသတ်မှတ်နယ်မြေထဲကို ဝင်လာတဲ့ လေယာဉ်မှန်သမျှ သူတို့ရဲ့ ပျံသန်းမှုအစီအစဉ်ကို အရင်ကြိုတင်ပြရမယ်၊ တရုတ်အာဏာပိုင်တွေက ပျံသန်းခွင့်မပြုဘဲ ငြင်းခွင့်ရှိတယ်လို့ တရုတ်က ကြေညာထားတာပါရှင်။
တောင်ကိုရီးယား လေကြောင်းကာကွယ်ရေးဇုန်သစ်ပြ မြေပုံ။ (ဒီဇင်ဘာ ၈၊ ၂၀၁၃)
XS
SM
MD
LG