သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ ဦးဝင်းတင်ကို တောင်ကိုရီးယား လူ့အခွင့်အရေးဆု ချီးမြင့်


ဝါရင့်နိုင်ငံရေးသမားကြီးနဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်။
ဝါရင့်နိုင်ငံရေးသမားကြီးနဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်။
ကွယ်လွန်သွားပြီဖြစ်တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကို တောင်ကိုရီးယားနိုင်ငံ အခြေစိုက် The Truth Foundation က သူတို့ အဖွဲ့ရဲ့ ၂၀၁၄ခုနှစ်အတွက် လူ့အခွင့်အရေးဆု ချီးမြှင့်လိုက်ပါတယ်။ NLD ပါတီခေါင်းဆောင် တစ်ဦးလည်းဖြစ်တဲ့ ဦးဝင်းတင် ကွယ်လွန်သွားပြီ ဖြစ်ပေမယ့် ဒီဆုကို ဦးဝင်းတင်ရဲ့ကိုယ်စား ဦးဝင်းတင်ဖေါင်ဒေးရှင်းက တာဝန်ရှိသူတွေ တောင်ကိုရီးယားနိုင်ငံကို သွားရောက်လက်ခံ ရယူမှာ ဖြစ်ပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။

တချိန်က စစ်အာဏာရှင်တွေ အုပ်ချုပ်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံမှာ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေရဖို့ တိုက်ပွဲဝင်ရင်း အာဏာရှင်တွေရဲ့ ဖမ်းဆီး၊ထောင် ချ နှိပ်စက်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ၂၀၀၉ခုနှစ်မှာ The Truth Foundation ကို စတင်တည်ထောင် ထားတာဖြစ်ပါတယ်။

သူတို့အဖွဲ့ရဲ့ရံပုံငွေ အတွက် ဘယ်အစိုးရ ဘယ်စီးပွားရေးလုပ်ငန်းရှင်တွေ ရဲ့ အကူအညီကိုမှ မယူဘဲ အဖွဲ့ဝင်တွေ ကိုယ်ပိုင် ထည့်ဝင် လှူဒါန်းငွေနဲ့သာ လည်ပတ်နေတာ ဖြစ်ပြီး ၂၀၁၁ခုနှစ်က စလို့ နှစ်စဉ်ဆိုသလို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေ ကြသူတွေကို ရွေးချယ် ဆုချီးမြှင့် လာခဲ့တာဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်အထိ The Truth Foundation ရဲ့ဆုတွေကို ကိုရီးယားနိုင်ငံ သားတွေသာ ချီးမြှင့်ခံခဲ့ရပေမယ့် ၂၀၁၄ အရောက်မှာ မြန်မာနိုင်ငံ က နိုင်ငံရေးခေါင်းဆောင် တဦးဖြစ်သူ ဟံသာဝတီဦးဝင်းတင် အရွေးချယ်ခံရတာနဲ့ ပတ်သက်လို့ ၊ ဒီဆုအတွက် NLD လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲက အဆိုတင်သွင်းခဲ့ပါတယ်။

တကယ်တော့ ဒီဆုဟာ သက်ရှိထင်ရှားရှိ နေသူတွေကိုသာ ချီးမြှင့်တဲ့ ဆုဖြစ်တာကြောင့် ဦးဝင်းတင်ကွယ်လွန်သွားချိန်မှာ ဒီဆုအတွက် အခြား သူတယောက်ကို ထပ်ပြီးရွေးချယ်ရမယ့် အခြေနေဖြစ်ခဲ့ပေမယ့် NLD လွတ်မြောက်နယ်မြေရဲ့ ထပ်မံအကြံပြုချက်အရ ဦးဝင်းတင်ဖေါင်ဒေးရှင်း ကို ဆုချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်ကြောင်း လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲအဖွဲ့ဝင် ကိုရန်နိုင်ထွန်းက VOA ကို ရှင်းပြပါတယ်။

"Foundation ရဲ့ မူအရဆိုလို့ရှိရင် သူတို့က သက်ရှိထင်ရှားရှိသူကိုသာလျှင် ဆုပေးတဲ့အတွက်ကြောင့်မို့လို့ ဆရာကြီး ဦးဝင်းတင်ကို နောက်ဆုံး ဖယ်ထားရမယ့် အခြေအနေမှာ ရောက်ရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျနော်တို့ကို လှမ်းပြီးတော့ အကြောင်းကြားပါတယ်။ အဲဒီမှာ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယား ဌာနခွဲက နေပြီးတော့ ဆရာကြီး ဦးဝင်းတင် ကွယ်လွန်သွားတာ မှန်ပါတယ်။

သို့သော်လည်းဘဲ ဆရာကြီး ဦးဝင်းတင်ထူထောင်ထားခဲ့တဲ့ ဦးဝင်းတင်ဖောင်ဒေးရှင်း ဆိုတာ မြန်မာနိုင်ငံ အတွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေ တကယ့်မိသားစုတွေ နိုင်ငံရေး အကျဉ်းသားတွေကို လိုအပ်တဲ့ ကျန်းမာရေး လူမှုရေး အဖက်ဖက်ကနေပြီးတော့ ထောက်ပံ့ကူညီမှုတွေကို လုပ်နေတာ အခုအချိန် အထိပါပဲ။

ဆရာကြီး ဦးဝင်းတင် မရှိသော်ငြားလည်းဘဲ ဦးဝင်းတင်ဖောင်ဒေးရှင်းဆိုတာ ဆက်လက် ရှင်သန်နေဆဲ ရပ်တည်နေဆဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီဆုကို ဦးဝင်းတင်ဖောင်ဒေးရှင်း ကနေပြီးတော့ လက်ခံရရှိသင့်ပါတယ်ဆိုပြီးတော့ ကျနော်တို့က ထပ်မံပြီးအဆိုတင်သွင်းပေးခဲ့ပါတယ်။ အဲဒီအတွက် နောက်ဆုံးမှာ ဆရာကြီး ဦးဝင်းတင်ကို ပေးအပ်ခြင်းဖြစ်ပါတယ်ခင်ဗျာ။"

The Truth Foundation က ဟံသာဝတီဦးဝင်းတင်ကို လူ့အခွင့်အရေးဆု အတွက် ရွေးချယ်ခဲ့တဲ့အပေါ် ကိုရန်နိုင်ထွန်းရဲ့ အမြင်ကတော့-

"တကယ်တော့ ဆရာကြီး ဦးဝင်းတင်ဟာ ဆိုလို့ရှိရင် မြန်မာနိုင်ငံအတွင်းမှာ မှန်ကန်တဲ့ ယုံကြည်ချက်ကို ထိထိမိမိ လက်ကိုင်ထားပြီးတော့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေကို ကြိုးစားခဲ့တဲ့ ခေါင်းဆောင်ကြီးတစ်ဦး ဖြစ်ပါတယ်။ ဆရာကြီး ဦးဝင်းတင်ဟာ ကွယ်လွန်သွားခဲ့သော်ငြားလည်းပဲ ဆရာကြီး ဦးဝင်းတင် ရဲ့ လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့သော် လည်းကောင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေကို ဒီထက်မက တိုးတက် လာအောင် မြေတောင်မြှောက်ပေးတဲ့ အနေနဲ့ လည်းကောင်း ဒီဆုဟာ ဆရာကြီး ဦးဝင်းတင်နဲ့ အလွန်တရာမှ ထိုက်တန်တယ်လို့ ကျနော် ယူဆပါတယ်ခင်ဗျာ"

၂၀၁၄ခုနှစ်မှာ The Truth Foundation က ချီးမြှင့်တဲ့ လူ့အခွင့်အရေးဆု အတွက် အမေရိကန်ဒေါ်လာ(၇)ထောင် လက်ခံရရှိမှာဖြစ်သလို ဆုတံဆိပ် နဲ့ ဂုဏ်ထူးဆောင် လက်မှတ်လည်း ချီးမြှင့်မှာဖြစ်ပါတယ်။ ဒီဆု အတွက် မြန်မာနိုင်ငံက ဦးဝင်းတင်ဖေါင်ဒေးရှင်းရဲ့ ကိုယ်စား လှယ်တွေ တောင်ကိုရီးယားကို သွားရောက်ပြီး ဇွန်လ(၂၆)မှာ လက်ခံယူမှာဖြစ်ပါတယ်။

၂၀၁၁ခုနှစ်ကနေ ၂၀၁၃ခုနှစ်အတွင်း Truth Foundation ရဲ့ လူ့အခွင့်အရေး ဆုတွေကို ကိုရီးယားနိုင်ငံသားတွေဖြစ်ကြတဲ့ ပါမောက္ခ Mr. Seo Seung ၊ ဒီမိုကရက်ပါတီအမတ်ဟောင်း Mr. Kim Geun-tae နဲ့ လူ့အခွင့်အရေး ရှေ့နေ Mr. Hong Seong Woo တို့ ရရှိခဲ့ကြပါတယ်။
XS
SM
MD
LG