တောင်ကိုရီးယားနိုင်ငံမှာ ကလေးမွေးကြဖို့ အစိုးရက တိုက်တွန်းနေပေမယ့် ကမ္ဘာမှာ ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးနိုင်ငံတခုအဖြစ် ဆက်လက်ရှိနေပါတယ်။
အာရှမှာ စတုတ္ထစီးပွားရေးအင်အား အကြီးဆုံးနိုင်ငံဖြစ်တဲ့တောင်ကိုရီးယားနိုင်ငံက ကလေးမွေးနှုန်း ပုံမှန် ဖြစ်အောင် အမျိုးသမီးတယောက်ရဲ့သက်တမ်းမှာ အနည်းဆုံး ကလေး ၂ ယောက်လောက် မွေးကြအောင် ရည်မှန်းထားတာပါ။ ဒါပေမဲ့ ၂၀၁၈ တတိယလေးလပတ်မှာ ကလေးတယောက်နှုန်းတောင် မမွေးကြဘူးလို့ လူဦးရေစာရင်းကောက်ခံတဲ့ပညာရှင်တွေက ပြောပါတယ်။ အခုနှုန်းဟာ ၂၀၀၁ ခုနှစ်ကတည်းကဆိုရင် စံချိန်တက် အနိမ့်ဆုံးဖြစ်ပါတယ်။ ဒီအခြေအနေဟာ အတော်လေးစိုးရိမ်စရာဖြစ်တယ်လို့ Seoul မြို့တော်က အမျိုးသမီးတက္ကသိုလ်ပါမောက္ခ Dr. Jung Jae-hoon ကပြောပါတယ်။
တခြား OECD နိုင်ငံတွေရဲ့ မွေးဖွားနှုန်းနဲ့ယှဉ်ရင် တောင်ကိုရီးယားနိုင်ငံရဲ့ အမျိုးသမီးတယောက်မှာ မွေးဖွား နှုန်းက ၁ ယောက်ကျော်လောက်နည်းနေတယ်လို့ ပါမောက္ခ Jung ကပြောပါတယ်။ ကလေးစရိတ်ကြီးမြင့်တာ၊ နေ့ကလေးထိန်းကျောင်းထားဖို့ အခက်အခဲရှိတာ၊ အလုပ်ချိန်တွေများတာ စတဲ့အခြေအနေတွေကြောင့် အမျိုးသမီးတွေ ကလေးသိပ်မမွေးကြတော့တာဖြစ်ပါတယ်။
ကလေးမွေးဖွားနှုန်းတက်လာအောင် တောင်ကိုရီးယားအစိုးရက ပြီးခဲ့တဲ့ ၁၃ နှစ်အတွင်း ဒေါ်လာ ၁၂၁ ဘီလီယံ သုံးစွဲခဲ့ပေမဲ့ အောင်မြင်ပုံမရပါဘူး။ ဒီနှုန်းနဲ့ဆိုရင် တောင်ကိုရီးယား လူဦးရေဟာ ၂၀၁၇ ခုနှစ်မှာ စတင် ကျဆင်းလိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းထားကြပါတယ်။