သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွေးနွေးပွဲပျက်ရခြင်းအတွက် တောင်ကိုရီးယား မြောက်ပိုင်းကို ပြစ်တင်


မြောက်ကိုရီးယားနိုင်ငံနဲ့ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အဆင့်မြင့် တွေ့ဆုံဆွေးနွေးမှု ပျက်သွားတာဟာ ကံမကောင်း အကြောင်းမလှတဲ့ ဖြစ်ရပ်ဖြစ်ပေမဲ့ ဒါဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးရဲ့ လိုအပ်ချက်တခုလည်း ဖြစ်တယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးက ပြောပါတယ်။

ဒီဆွေးနွေးပွဲကို ဘယ်သူ ဦးဆောင်တက်မယ်ဆိုတဲ့ အသေးစိတ် ကိစ္စလေးအပေါ် သဘောတူညီမှု မရနိုင်တာကြောင့် ဆိုးလ်မြို့မှာ ဗုဒ္ဓဟူးနေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ အဲဒီ အဆင့်မြင့် ဆွေးနွေးပွဲ အနားကပ်ပြီးမှ ပျက်သွားခဲ့တာပါ။

အခုလို ဆွေးနွေးပွဲ ပျက်သွားတာဟာ မြောက်ကိုရီးယားကြောင့်လို့ တောင်ကိုရီးယား ပြန်လည် ပေါင်းစည်းရေးဝန်ကြီး Ryoo Kihl-jae က ပြစ်တင် ပြောကြားလိုက်ပြီး မြောက်ကိုရီးယားအနေနဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်လိုရင် တကယ် လိုလားကြောင်း ပြသသင့်တယ်လို့ ဆိုပါတယ်။

ဒီဆွေးနွေးပွဲကို ဝန်ကြီးအဆင့်ရှိသူက ဦးဆောင် တက်ရောက်မယ့်အစား ဒုဝန်ကြီးကို စေလွှတ်ဖို့ တောင်ကိုရီးယားဘက်က စီစဉ်တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ မြောက်ကိုရီးယားဘက်က ဒီဆွေးနွေးကို ဖျက်လိုက်တာလို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။

ဒီမတိုင်ခင် ရက်အနည်းငယ်တုန်းကတော့ ၂၀၀၇ ခုနှစ်နောက်ပိုင်း ပြုလုပ်ခြင်း မရှိတော့တဲ့ ဝန်ကြီးအဆင့် ဆွေးနွေးပွဲလုပ်ဖို့ တောင်ကိုရီးယားရဲ့ ကမ်းလှမ်းချက်ကို မြောက်ကိုရီးယားဘက်က ပယ်ချခဲ့တာပါ။
XS
SM
MD
LG