သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယကမ္ဘာစစ် ပြီးဆုံးမှု နှစ်ပတ်လည် တောင်ကိုရီယားကျင်းပ


ဒုတိယကမ္ဘာစစ်ပွဲပြီးဆုံးတဲ့ အထိမ်းအမှတ်ပွဲကို တောင်ကိုရီးယားနိုင်ငံမှာ ဒီကနေ့ ကျင်းပခဲ့တာမှာ စစ်တွင်းဂျပန်တို့ရဲ့ လုပ်ရပ်တွေအပေါ်တောင်းပန်ဖို့ တောင်ကိုရီးယားသမ္မတ Park Geun-hye ကထပ်ပြီး တောင်းဆိုခဲ့ပါတယ်။

စစ်အတွင်းက ဂျပန်စစ်သားတွေ လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေရေးအတွက် အသုံးတော်ခံခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာကို အသိအမှတ်ပြုရေးကိစ္စကို ဂျပန်အစိုးရ အမြန်ဆုံး ဆောင်ရွက်ဖို့ Seoul မြို့တော်မှာ ဒီကနေ့လုပ်တဲ့ အခမ်းအနားမှာ တောင်ကိုရီယားသမ္မတက တောင်းဆိုခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ပွဲ ပြီးဆုံးတဲ့ အနှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရှင်ဇိုအာဘေ့ သောကြာနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ စစ်တွင်းက ဂျပန်စစ်သားတွေရဲ့ လုပ်ရပ်တွေအပေါ် အင်မတန် စိတ်မကောင်းပါဘူးဆိုတာကို ထပ်တလဲလဲ ပြောကြားခဲ့ပေမဲ့ တောင်းပန်စကား မပါခဲ့ပါဘူး။ ဒီအပေါ် တောင်ကိုရီယားသမ္မတ Park Geun-hye က ဂျပန်ဝန်ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းထဲမှာ စိတ်မကောင်းတဲ့ အရိပ်အယောင်တွေ ပြခဲ့ပေမဲ့ ဒုတိယကမ္ဘာစစ်အပေါ် အရင် ဂျပန်အစိုးရတွေ လက်ခံထားတဲ့ သမိုင်းအတိုင်း Mr. Abe ဆက်ပြီးလက်ခံထားတာ ရှင်းလင်းနေတဲ့ အချက်ကိုပဲ သူ့အနေနဲ့ အာရုံစိုက်တယ်လို့ တောင်ကိုရီးယားသမ္မတက ဒီကနေ့ အခမ်းအနားမိန့်ခွန်းထဲမှာ ပြောကြားခဲ့ပါတယ်။

၁၉၄၅ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မှာ ဂျပန်တို့ လက်နက်မချခင်အထိ ဒုတိယကမ္ဘာစစ် ကာလတွေအတွင်း ဂျပန်တို့နယ်ချဲ့ခဲ့တဲ့ ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေမှာ ဂျပန်စစ်သားတွေရဲ့ ရက်စက်ကြမ်းကြုတ်ခဲ့တဲ့ လုပ်ရပ်တွေအပေါ် တောင်းပန်းဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။ အထူးသဖြင့် ၃၅ နှစ်ကြာ နယ်ချဲ့ခဲ့စဉ်အတွင်း ကိုရီးယားအမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ကျေးကျွန်တွေသဖွယ် အသုံးချခဲ့တဲ့ ကိစ္စအပေါ် တောင်းပန်ဖို့ တောင်ကိုရီးယားက တောင်းဆိုနေပါတယ်။

ဂျပန်ဝန်ကြီးချုပ်အနေနဲ့ ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ကိစ္စကြီးအပေါ် ဝေ့လည်ကြောင်ပတ်လုပ်နေမဲ့အစား ကျူးလွန်ခံရတဲ့နိုင်ငံတွေက ပြည်သူတွေအပေါ် လှိုက်လှိုက်လှဲလှဲတောင်းပန်လိုက်မယ်ဆိုရင် အတိတ်က စစ်ဝါဒီစိတ်နဲ့ ရန်စကျူးကျော်ခဲ့တဲ့လုပ်ရပ်တွေကို ထားခဲ့နိုင်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG