သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး နှုတ်ထွက်


တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Kim Tae-young။ နိုဝင်ဘာ ၂၅၊ ၂၀၁၀။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Kim Tae-young။ နိုဝင်ဘာ ၂၅၊ ၂၀၁၀။

မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားပိုင် ကျွန်းကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကိုင်တွယ်ပုံကို ဝေဖန်ခံခဲ့ရတဲ့အတွက် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး နှုတ်ထွက်လိုက်ပါတယ်။ ၂ နိုင်ငံကြား တင်းမာမှုတွေ တိုးလာချိန်မှာ တောင်ကိုရီးယား အစိုးရက ကာကွယ်ရေး ဝန်ကြီးရဲ့ ဆုံးဖြတ်ချက်ကို အခုလို ကြေညာလိုက်တာပါ။

တချိန်တည်းမှာပဲ မြောက်ကိုရီးယားဘက်က အင်္ဂါနေ့က တိုက်ခိုက်ခဲ့လို့ တောင်ကိုရီးယား နိုင်ငံသား ၄ ယောက် သေဆုံးခဲ့ရတဲ့ ယောင်ဗြောင်းကျွန်းမှာ တောင်ကိုရီးယား တပ်ဖွဲ့ဝင်အင်အား သိသိသာသာ တိုးချထားလိုက်ပါတယ်။ ဒါ့အပြင် ၂ နိုင်ငံ အငြင်းပွားနေကြတဲ့ ရေပိုင်နက်အတွင်း တခြားကျွန်းငယ် ၄ ခုမှာလည်း တောင်ကိုရီးယား တပ်ဖွဲ့တွေ ဖြန့်ကျက် နေရာယူထားပါတယ်။

မြောက်ကိုရီးယားရဲ့ နောက်ထပ် တိုက်ခိုက်လာမယ့် အန္တရာယ်ကို ပိုပြီး ဖိဖိစီးစီး တုံ့ပြန်နိုင်ရေးအတွက် ထိတွေ့ဆက်ဆံရေးမူကို ပြန်လည်သုံးသပ်ဖို့ လိုတယ်လို့ တောင်ကိုရီးယား အတိုက်အခံတွေက တောင်းဆိုနေကြပါတယ်။

တောင်ကိုရီးယားနိုင်ငံက စစ်ရေးအရ ရန်စတာတွေကို မဆင်မခြင် ဆက်လုပ်နေမယ်ဆိုရင် နယ်စပ်ရှိ လူနေထူထပ်တဲ့ ကျွန်းကို လက်နက်ကြီးတွေနဲ့ ထပ်ပြီး တိုက်ခိုက်မယ်လို့ မြောက်ကိုရီးယားနိုင်ငံက သတိပေးလိုက်ပါတယ်။

ကိုရီးယားကျွန်းဆွယ် အနောက်ဘက်မှာ တနင်္ဂနွေနေ့ စတင်မယ့် အမေရိကန်နဲ့ တောင်ကိုရီးယား ရေတပ် စစ်ရေးလေ့ကျင့်မှုအတွက် စိုင်းပြင်းနေချိန်မှာ မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနကတဆင့် သတိပေးချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံနဲ့ ကိုရီးယား ကျွန်းဆွယ်အကြား မဟာဗျူဟာကျတဲ့ ရေပိုင်နက်အနီး ဧရာမ အမေရိကန် လေယာဉ်တင် စစ်သင်္ဘောကြီး USS George Washington ပါဝင်မယ့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက စိုးရိမ်မကင်း ဖြစ်ရကြောင်းနဲ့ အခြေအနေ တည်ငြိမ်ရေး ၂ ဘက် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါလို့ ဒီနေ့ အလေးအနက် ပြောဆိုလိုက်ပါတယ်။

တရုတ်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတို့ စီစဉ်ထားတဲ့ စည်းဝေးပွဲကိုလည်း ရွှေ့ဆိုင်းလိုက်ပါတယ်။ တောင်ကိုရီးယားဘက်က ဆက်ပြီး ရန်စတာတွေ လုပ်နေဦးမယ်ဆိုရင် မြောက်ကိုရီးယားဘက်ကနေ ဒုတိယအကျော့တင် မကဘဲ တတိယအကျော့ ထပ်ပြီး တိုက်ခိုက်ဖို့ ချီတုံချတုံ စဉ်းစားနေမှာ မဟုတ်ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG