သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား ကူးတို့သင်္ဘောကပ္ပတိန် ထောင်ဒဏ် ၃၆ နှစ်ကျ


Sewol ကူးတို့သင်္ဘောကပ္ပတိန် Lee Joon-seok နဲ့ သင်္ဘောအမှုထမ်းတွေ တရားရုံးမှာ ကြားနာနေစဉ်။
Sewol ကူးတို့သင်္ဘောကပ္ပတိန် Lee Joon-seok နဲ့ သင်္ဘောအမှုထမ်းတွေ တရားရုံးမှာ ကြားနာနေစဉ်။

တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလထဲတုန်းက လူပေါင်း ၃၀၀ ကျော် သေဆုံး ခဲ့ရတဲ့ ကူးတို့သင်္ဘော နစ်မြုပ်မှုအတွက် သင်္ဘောကပ္ပတိန်ဖြစ်သူကို တရားရုံးက ထောင်ဒဏ် ၃၆ နှစ် အပြစ်ပေးလိုက်ပါတယ်။

ဧပြီလ ၁၆ ရက်နေ့က Sewol ကူးတို့သင်္ဘော တိမ်းမှောက်ချိန်မှာ ကိုယ်လွတ်ရုန်း စွန့်ခွာပြီး ပေါ့ဆခဲ့မှုအတွက် ကပ္ပတိန်ဖြစ်သူ Lee Jun-Seok ကို Gwangju ခရိုင်တရားရုံးက အင်္ဂါနေ့မှာ ပြစ်ဒဏ်စီရင်ခဲ့တာပါ။ တရားလိုရှေ့နေတွေက လျှောက်လဲထားပြီး သေဒဏ်အထိ ကျခံရနိုင်တဲ့ လူသေစေမှု စွဲချက်ကိုတော့ တရားရုံးက ပယ်ဖျက်ပေးခဲ့ပါတယ်။

သင်္ဘောအင်ဂျင်နီယာချုပ်ကတော့ ဒဏ်ရာရသွားတဲ့ သင်္ဘောသား ၂ ယောက်ကို အကူအညီမပေးဘဲ ပစ်ထားခဲ့တဲ့အတွက် လူသေမှုနဲ့ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ်အနှစ် ၃၀ အပြစ်ပေးခံခဲ့ရတာပါ။

ကျန်တဲ့ သင်္ဘောသား ၁၃ ယောက်ကတော့ တခြား ရာဇဝတ်ကြောင်းအရ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ် အနိမ့်ဆုံး ၅ နှစ်ကနေ အနှစ် ၂၀ အထိ အပြစ်ပေး ခံခဲ့ရပါတယ်။

ကျောင်းသား အများစုပါဝင်တဲ့ ခရီးသည်ရာပေါင်းများစွာကို သင်္ဘောနစ်မြုပ်ချိန်မှာ စွန့်ပစ်ထားခဲ့ကြတဲ့ ဗွီဒီယိုမှတ်တမ်းတွေ ထွက်ပေါ်လာရာက တောင်ကိုရီးယားနိုင်ငံ မှာ အကြီးအကျယ် အမျက်ဒေါသ ထွက်ခဲ့ကြတာပါ။

အသက်မသေ လွတ်မြောက်လာသူ တချို့ကလည်း သင်္ဘောစတင် တိမ်းမှောက်ချိန်မှာ ခရီးသည်တွေကို ဘေးလွတ်ရာမပြေးဘဲ သင်္ဘောပေါ်မှာပဲ နေကြဖို့ သင်္ဘောသားတွေက ညွှန်ကြားခဲ့တယ်လို့လည်း ထွက်ဆိုခဲ့ကြပါတယ်။ သင်္ဘောကပ္ပတိန်နဲ့ သင်္ဘောသားတွေကတော့ သူတို့လုပ်ရပ်အတွက် တောင်းပန်ခဲ့ကြပါတယ်။

XS
SM
MD
LG