မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့ အပြုအမှုတွေကို ရင်ဆိုင်ကြဖို့ တောင်ကိုရီးယားနဲ့ ဂျပန် နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားကြရေး နှစ်နိုင်ငံ ကာကွယ်ရေး ၀န်ကြီးတွေ ဒီနေ့ သဘောတူခဲ့ကြပါတယ်။
ဂျပန် ကာကွယ်ရေးဝန်ကြီး တိုရှိမိ ခိတဇာဝါ (Toshimi Kitazawa) နဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်မ်ကွမ်-ဂျင်း (Kim Kwan-jin) တို့ဟာ ၁၉၄၅ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွေကို အပြီးသတ် ဆောင်ရွက်ရေး အစည်းအဝေး တရပ်ကို ဆိုးလ်မြို့တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲမှာ တိုးတက်မှုတွေ ရှိခဲ့တယ်လို့လည်း တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ ယောင်ဗြောင်း ကျွန်းငယ်ပေါ်ကို မြောက်ကိုရီးယားက အမြောက်နဲ့ပစ်ပြီး တိုက်ခိုက်ခဲ့တာနဲ့ မြောက်ကိုရီးယားရဲ့ ယူရေနီယံ သန့်စင်နေတဲ့ အစီအစဉ်တွေဟာ လက်ခံနိုင်ဖွယ် မရှိတဲ့ ကိစ္စရပ်တွေ ဖြစ်တယ်လို့ နှစ်နိုင်ငံ ကာကွယ်ရေး ၀န်ကြီးတွေက သဘောတူခဲ့ကြကြောင်းလည်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
နှစ်နိုင်ငံ စစ်ရေးဖလှယ်မှု၊ ထောက်လှမ်းရေးသတင်း ဖလှယ်မှုဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ရေး ရှေ့ရှုတဲ့ တိကျတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို တောင်ကိုရီးယားနဲ့ ဂျပန်တို့ ဆက်ပြီး လုပ်ဆောင်သွားကြမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။