သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားမှာ MERS ကြောင့် သေဆုံးသူ ၇ ဦးရှိပြီ


တောင်ကိုရီးယားနိုင်ငံမှာ အရှေ့အလယ်ပိုင်းဒေသ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ MERS ကူးစက်မြန်ရောဂါကြောင့် ခုနစ်ယောက်မြောက်လူနာ သေဆုံးသွားပြီလို့ တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။

သေဆုံးသူဟာ ဆိုးလ်မြို့တော်၊ ဆေးရုံတခုမှာ MERS ရောဂါကူးစက်ဖူးတဲ့ အရေးပေါ်ခန်းကို ဝင်ရောက်ခဲ့တဲ့ အသက် ၆၈ နှစ်အရွယ် အမျိုးသမီးကြီးတဦး ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ ကြေညာတာပါ။ နောက်ထပ် လူ ၈ ဦး ရောဂါထပ်ကူးစက်တာမို့လို့ ရောဂါပိုးကူးစက်မှုပေါင်း ၉၅ ခု ရှိသွားပါပြီ။

အခုလို ရောဂါကူးစက် ဖြစ်ပွားမှုတွေကြောင့် MERS ရောဂါသည် လူနာတွေနဲ့ ထိတွေ့ ဆက်ဆံခဲ့ဖွယ်ရှိတဲ့ လူပေါင်း ၂၅၀၀ ကျော်ကို သီးသန့်ခွဲထားပါတယ်။ အဲဒီသူတွေဟာ သူတို့လိုက်နာရမယ့် အချက်တွေအတိုင်း လုပ်ဆောင်ခြင်း ရှိ မရှိဆိုတာကို သူတို့ရဲ့ဆဲလ်ဖုန်းတွေကို ခြေရာခံလိုက်ပြီးတော့ စောင့်ကြည့်နေတယ်လို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ရောဂါပိုး ကူးစက်ပြန့်ပွားတာကို တားဆီးနိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ တောင်ကိုရီးယားက ကျောင်းပေါင်း ၂၀၀၀ နီးပါးကိုလည်း ပိတ်ထားပါတယ်။ ရောဂါပိုးကူးစက်တဲ့ ဖြစ်ရပ်အားလုံးဟာ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဌာနတွေမှာ ဖြစ်ခဲ့တာချည်းပါပဲ။ အခုလို တောင်ကိုရီးယားမှာ MERS ရောဂါ ကူးစက်ဖြစ်ပွားနေတာကြောင့် မလိုအပ်ဘဲ တောင်ကိုရီးယားနိုင်ငံဆီ သွားတာမျိုးကို ရှောင်ကြဖို့ ဟောင်ကောင်မှာ တရားဝင်သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာလည်း MERS ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးရေး အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ လေဆိပ်နဲ့ နယ်စပ်ဂိတ်တွေမှာ အပူချိန်တိုင်းတဲ့ စက်ပစ္စည်းတွေ သုံးပြီး ခရီးသွားတွေကို စစ်ဆေးနေတာပါ။ MERS ရောဂါ ကူးစက်မှု ရှိလာခဲ့ရင်လည်း ကုသနိုင်အောင် မြို့နယ်အဆင့် ဆေးရုံတွေအထိ ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။

XS
SM
MD
LG