သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နျူကလီးယားအရေး တောင်ကိုရီးယား ဆွေးနွေးနိုင်


တောင်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ရှင်ကက်ဆူး။
တောင်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ရှင်ကက်ဆူး။

အခုအပတ်အတွင်း တောင်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ ရောက်ရှိတဲ့အခါ မြောက်ကိုရီးယားနဲ့ မြန်မာ နျူကလီးယားလုပ်ငန်း ဆက်စပ်မှုကို မေးမြန်းစုံစမ်းဖို့ ရှိတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနဲ့ မြောက်ကိုရီးယား တရားဝင် သံဆက်ဆံမှုကလည်း ပြန်စထားတယ်ဆိုတော့ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကို ဆက်ဆံရေးမှာ ဘယ်ဘက် အလေးသာနိုင်သလဲ၊ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

တောင်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ရှင်ကက်ဆူး (Shin Kak-soo) ဟာ လာမယ့် သြဂုတ်လ ၁၉ ရက်နေ့ကနေ စပြီး ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့ စီစဉ်ထားပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အတော်များများ ရှိထားတာကြောင့် ဒီခရီးစဉ်ဟာ စီးပွားရေးနဲ့ အဓိက ပတ်သက်မယ်လို့ ယူဆနိုင်ပေမဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာတော့ မြောက်ကိုရီးယားနဲ့ မြန်မာ နျူကလီးယား ဆက်ဆံမှု ကိစ္စကို မေးမြန်း ဆွေးနွေးမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် လာမယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲကိုလည်း မျှမျှတတဖြစ်အောင် တိုက်တွန်း အားပေးဖို့လည်း ပါတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အနေနဲ့က မြောက်ကိုရီးယားနိုင်ငံနဲ့ သံအဆက်အဆံ ပြန်စထားသလို တဘက်မှာ မြောက်ကိုရီးယားနဲ့ စစ်ရေး ဆက်ဆံမှုတွေ တိုးမြှင့်လာတယ်လို့ အများက သံသယ ရှိထားပါတယ်။ စီးပွားရေးအရ ဆက်ဆံနေတဲ့ တောင်ကိုရီးယားနဲ့ စစ်ရေးအရ ပတ်သက်လာတဲ့ မြောက်ကိုရီးယား ဆက်ဆံရေးပိုင်းမှာ မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို အလေးသာနိုင်တယ်လို့ အရင် မြန်မာ နိုင်ငံခြားရေးဌာနမှာ လုပ်ခဲ့ဖူးတဲ့ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က သုံးသပ်ပါတယ်။

“မြန်မာအစိုးရ အနေနဲ့ကတော့ မြောက်ကိုရီးယားဘက်ကို ယိမ်းပါလိမ့်မယ်။ တောင်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး သွားတဲ့ ခရီးစဉ်မှာလည်း မြောက်ကိုရီးယားကိစ္စနဲ့ ပတ်သက်ပြီးတော့ အဏုမြူ ကိစ္စသော်လည်းကောင်း၊ ဒုံးလက်နက် ကိစ္စသော်လည်းကောင်း မေးမြန်းလာခဲ့ရင် ထုံးစံအတိုင်း ဗြောင်ပဲ ငြင်းပါလိမ့်မယ်။

“ကျနော့်အတွေ့အကြုံပေါ့၊ ၁၉၉၄-၉၅ လောက်က တပ်မတော် ထောက်လှမ်းရေးက Delegation တခု တောင်ကိုရီးယား ထောက်လှမ်းရေးက ဖိတ်လို့ သွားခဲ့ဖူးပါတယ်။ အဲဒီအချိန်၊ အဲဒီအခါကတည်းက မြန်မာနဲ့ မြောက်ကိုရီးယားရဲ့ ဆက်ဆံရေးကို တောင်ကိုရီးယား အနေနဲ့ သံသယ ရှိခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ မေးတာတွေ ရှိပါတယ်။

“အဲဒီ Delegation ပြန်ပြီးနောက်ပိုင်းမှာ မြန်မာအစိုးရဘက်ကနေပြီး တောင်ကိုရီးယားဘက်ကို ဘာလိုက်လျောလိုက်လဲဆိုတော့ ရန်ကုန်မှာရှိတဲ့ တောင်ကိုရီးယား သံရုံးက ပထမအတွင်းဝန်ကို ကျနော်နဲ့အတူပါပဲ အင်းစိန်ထောင်ထဲမှာရှိတဲ့ မြောက်ကိုရီးယားတွေ ဗုံးခွဲတုန်းက ကျန်ခဲ့လို့ မိခဲ့တဲ့ ကင်မင်ချူးနဲ့ ၄ ကြိမ်လောက် ပေးတွေ့ခဲ့တာ ရှိပါတယ်။

“တဘက်ကတော့ တောင်ကိုရီးယားနဲ့ ကုန်သွယ်မှုအပိုင်း သူတို့ အဆက်အဆံ တော်တော်များများ ရှိခဲ့ပါတယ်၊ ဒေဝူး အပါအဝင်ပေါ့။ မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ အပိုင်းကိုတော့ တောင်ကိုရီးယားက မေးလာတိုင်းမှာ အထူးလျှို့ဝှက်ချက်တခု အနေနဲ့ လုံးဝ၊ လုံး၀ ပြောခြင်း မရှိပါဘူး။ အဲဒီအချိန်တုန်းကတော့ သံတမန် အဆက်အသွယ်လည်း မရှိဘူး။ အခုအချိန်ခါမှာလည်း ဘယ်လောက်ပဲမေးမေး ပြောမယ့် အနေအထားမျိုး မရှိပါဘူး။”

တောင်ကိုရီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးက တကယ်တမ်း ပြောရရင်တော့ စစ်အစိုးရ တက်လာကတည်းက စီးပွားရေးအရ တော်တော်လေး ခိုင်ခိုင်မာမာ ရှိခဲ့တယ်လို့ ပြောလို့ရမယ် ထင်ပါတယ်။ အဲဒီတော့ အခုလို အခြေအနေမျိုးမှာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ပိုပြီးတော့ နီးသွားတာကြောင့် တောင်ကိုရီးယားနဲ့ ဆက်ဆံရေးမှာရော တစုံတရာ အနှောင့်အယှက် ရှိနိုင်လားခင်ဗျ။

“ပုံမှန်အားဖြင့်တော့ တောင်ကိုရီးယားတွေက မြန်မာအစိုးရနဲ့ ဆက်ဆံတဲ့အခါမှာ စီးပွားရေး တခုတည်းကိုပဲ ဦးတည်ပြီး ဆက်ဆံလာခဲ့ပါတယ်။ အခုနောက်ဆုံး ကမ္ဘာမှာဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေ အရရော၊ နိုင်ငံတကာ အခြေအနေ အရရော ကြည့်မယ်ဆိုရင် မြောက်ကိုရီးယားက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ Sanction ကို မိထားပါတယ်။ လက်ရှိ မြန်မာအစိုးရနဲ့ မြောက်ကိုရီးယား အစိုးရတို့ရဲ့ ပူးပေါင်းပြီး လုပ်နေတဲ့ အဏုမြူကိစ္စတွေ၊ ဒုံးလက်နက်ကိစ္စတွေ၊ စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နေတဲ့ ကိစ္စတွေ၊ ဒါတွေနဲ့ ပတ်သက်ပြီး တောင်ကိုရီးယား အနေနဲ့ အထူးသံသယ ရှိပါလိမ့်မယ်။”

ဦးအောင်လင်းထွဋ် ပြောပြသွားတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားဝန်ကြီး ပတ်အူချွန်း (Pak Ui Chun) ဟာ ပြီးခဲ့တဲ့လကပဲ မြန်မာ၊ မြောက်ကိုရီးယား သံဆက်သွယ်ရေး ပြန်စပြီး ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ မြောက်ကိုရီးယား၊ မြန်မာ ဆက်ဆံရေး အခြေအနေကို နိုင်ငံအတော်များများက အနီးကပ် အကဲခတ်နေသလို မြန်မာနိုင်ငံ ဒုံးလက်နက်နဲ့ နျူကလီးယားဆိုင်ရာ အစီအစဉ်တွေမှာ မြောက်ကိုရီးယားနိုင်ငံ ပါဝင်ပတ်သက်မှု ရှိတယ်လို့လည်း အနောက်နိုင်ငံတွေက သံသယ ဝင်နေကြပါတယ်။

မြောက်ကိုရီးယားနဲ့ မြန်မာ ဆက်ဆံရေး အတော်လေး ပြန်ကောင်းလာနေတာကြောင့် အခုလို တောင်ကိုရီးယားဘက်က စိုးရိမ်စရာ ဖြစ်လာပြီး နှစ်ဘက် သံဆက်ဆံရေး အရှိန်မြှင့်ဖို့ ကြိုးစားလာတာ ဖြစ်နိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ်ပါတယ်။

XS
SM
MD
LG