သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု အကြီးအကျယ် ဆင်နွှဲ


တောင်ကိုရီးယား အနောက်ဘက်ခြမ်း ပင်လယ်တွင်းမှာ ရေငုပ်သင်္ဘော အန္တရာယ် ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှု တရပ်ကို ကြာသပတေးနေ့ကစပြီး မကြုံစဖူး အကြီးအကျယ် ဆင်နွှဲနေကြပြီလို့ တောင်ကိုရီးယား စစ်တပ်က ပြောဆိုလိုက်ပါတယ်။

မတ်လတုန်းက တောင်ကိုရီးယား ရေတပ်က ချိုနန်စစ်ရေယာဉ် နစ်မြုပ်ခဲ့တဲ့ နေရာ ပင်လယ်တွင်းမှာ ထောင်နဲ့ချီတဲ့ ရေတပ်သားတွေက အမြောက်တွေကို ပစ်ဖောက်၊ အသံလှိုင်းနဲ့ ရေအောက်မှာရှိတဲ့ မိုင်းတွေကို ရှာဖွေနိုင်တဲ့ ဘော်ယာတွေကိုလည်း အနှံ့ချခဲ့ကြပါတယ်။

ချိုနန်သင်္ဘော နစ်မြုပ်ခဲ့တဲ့ နေရာနားက နှစ်နိုင်ငံ အငြင်းပွားနေတဲ့ ရေပိုက်နက်အနီး အခုလို စစ်ရေးလေ့ကျင့်တာဟာ တောင်ကိုရီးယား နိုင်ငံဘက်က တုံ့ပြန် ပြသလိုက်တာ ဖြစ်ပါတယ်။

တကယ်လို့ တောင်ကိုရီးယားဘက်က စစ်မီးတောက်လောင်အောင် မီးမွှေးခဲ့မယ်ဆိုရင် စိတ်ကူးလို့တောင် မရနိုင်တဲ့ ထိုးစစ်ဆင်မှုနဲ့ ရင်ဆိုင်ရမယ်လို့ မြောက်ကိုရီးယားနိုင်ငံ နှစ်နိုင်ငံ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ကော်မတီက ခြိမ်းခြောက်ချက်ကို ကိုးကားပြီး KCNA မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းက ရေးသားပါတယ်။

မြောက်ကိုရီးယားက ရန်စလာခဲ့ရင် ချက်ချင်းပြန်တိုက်မယ်လို့ တောင်ကိုရီးယားဘက်ကလည်း ကြုံးဝါးနေပါတယ်။

တနင်္လာနေ့အထိ ဆက်လက်ဆင်နွှဲမယ့် စစ်ရေး လေ့ကျင့်မှုကို စစ်သင်္ဘောနဲ့ ရေငုပ်သင်္ဘော အစင်း ၃၀၊ လေယာဉ်အစီး ၅၀ နဲ့ စစ်မှုထမ်းအင်အား ၄,၅၀၀ ပါဝင် ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG