သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားစစ်ရေယာဉ်နစ်မြုပ်မှု လုံခြုံရေးကောင်စီတင်ပြီ


မြောက်ကိုရီးယားရေငုပ်သင်္ဘောရဲ့ ပစ်ခတ်မှုကြောင့် တောင်ကိုရီးယားစစ်ရေယာဉ်နစ်မြုပ်ခဲ့ရတာနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တိုင်ကြားလွှာ တင်သွင်းလိုက်ပါပြီ၊

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြောက်ကိုရီးယားနိုင်ငံက နောက်ထပ် ဒီလိုရန်စတာမျိုး ထပ်မလုပ်နိုင်အောင် တားမြစ်ဖို့ စဉ်းစားသင့် တယ်လို့ တောင်ကိုရီးယားရဲ့ တိုင်ကြားတဲ့ စာချွန်လွှာမှာဖေါ်ပြထားပါတယ်။ ကုလသမဂ္ဂဆိုင်ရာ တောင်ကိုရီးယား အမြဲတန်းကိုယ်စားလှယ် သံအမတ်ကြီး Park In-kook က ဒီတိုင်ကြားလွှာကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီထံ သောကြာနေ့က တင်သွင်းလိုက်တာပါ။

တောင်ကိုရီးယားသမ္မတ Lee Myung-bak က ဒီစစ်ရေယာဉ်နစ်မြုပ်မှုဟာ ပြစ်တင်ရှုတ်ချထိုက်တဲ့လုပ်ရပ်ဘဲလို့ ပြောဆိုပြီး နာရီ အနည်းငယ် အကြာမှာ မြောက်ကိုရီးယားကိုတိုင်ကြားတဲ့ စာချွန်လွှာကို လုံခြုံရေးကောင်စီထံ တင်သွင်း လိုက်တာ ပါ။ မြောက်ကိုရီးယားနိုင်ငံကတော့ ဒီကိစ္စမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ငြင်းဆိုရင်း ရယ်စရာကောင်းတဲ့ ဟာသပဲလို့ ပြက်ရယ်ပြုလိုက်ပါတယ်။

တောင်ကိုရီးယားသမ္မတ Lee Myung-bak မိန့်ခွန်းမပြောမီ နာရီအနည်းငယ်အလိုမှာ တောင်ကိုရီးယားက စစ်ရေယာဉ် နစ်မြုပ်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တိုင်ကြားမယ်ဆိုရင် မြောက်ကိုရီးယားအနေနဲ့ အပြင်းထန်ဆုံး နည်းနဲ့ တုံ့ပြန်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

XS
SM
MD
LG