သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ပြုံးယမ်းသွားရောက်မည်


တောင်ကိုရီးယားသမ္မတ အိမ်တော်ပြောခွင့်ရ Yoon Young-chan
တောင်ကိုရီးယားသမ္မတ အိမ်တော်ပြောခွင့်ရ Yoon Young-chan

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေလျှော့ချပြီး ၂ နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန် လာအောင် ဆွေးနွေးဖို့ မြောက်ကိုရီးယားနိုင်ငံကို တောင်ကိုရီးယားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တနင်္လာနေ့မှာ စေလွှတ်သွားမှာဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတ အိမ်တော်က ဒီကနေ့ ကြေညာလိုက်ပါတယ်။

အမေရိကန် နဲ့ မြောက်ကိုရီးယားဆွေးနွေးပြောဆိုမှုတွေလုပ်ဖို့အတွက် အခြေအနေတွေဖန်တီးဖို့အပါအဝင် ကိစ္စရပ်အတော်များများကို အထူးကိုယ်စားလှယ်အဖွဲ့အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသွားမှာဖြစ်တယ်လို့ သမ္မတ မွန်ဂျေအင်းရဲ့ ပြောခွင့်ရက ယွန်ယောင်ချန်းက သတင်းထောက်တွေကို ပြောပါတယ်။

ဒါပေမဲ့လည်း လာမယ့် ဧပြီလမှာ အမေရိကန်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်မယ်ဆိုရင်၊ မြောက်ကိုရီးယားဘက်ကလည်း ဒါကိုတန်ပြန်လာနိုင်တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းအေဂျင်စီထဲမှာ သတိပေးထားတာကြောင့် ၊ တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ရဲ့ ဆွေးနွေးမှုတွေဟာ အဲဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကြောင့် ရှုပ်ထွေးသွားနိုင်ဖွယ်ရှိနေပါတယ်။

အဖွဲ့ဝင် ၁၀ ဦးပါဝင်တဲ့ တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကိုတော့ တောင်ကိုရီးယားအမျိုးသား ထောက်လှမ်းရေးအကြီးအကဲ Suh Hoon နဲ့ သမ္မတရဲ့ ထိပ်တန်းအမျိုးသားလုံခြုံရေးအကြံပေး Chung Eui-Yong တို့က ဦးဆောင်မှာပါ။ တောင်ကိုရီးယားသမ္မတမွန်ဂျေအင်းအနေနဲ့ မြောက်ကိုရီးယားနိုင်ငံ ပြုံချမ်းမြို့ကို လာရောက်ဖို့ ကင်ဂျုံအွန်းရဲ့ ဖိတ်ကြားချက်ကို တောင်ကိုရီးယားသမ္မတဘက်က အခုချိန်ထိ လက်ခံခြင်းမရှိသေးပါဘူး။

တောင်ကိုရီးယားအထူးသံကိုယ်စားလှယ်အဖွဲ့အနေနဲ့ မြောက်ကိုရီးယားနိုင်ငံကို ၂ ရက်ကြာသွားရောက်ပြီးတဲ့နောက်မှာတော့ ၊ မြောက်ကိုရီးယားအစိုးရနဲ့ သူတို့ဆွေးနွေးတာတွေကို အမေရိကန်တာဝန်ရှိသူတွေကို ရှင်းပြဖို့အတွက် အမေရိကန်ပြည်ထောင်စုကို လာရောက်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG