သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ထောင်ရေး ဖောက်ပြန်မှု တားမြစ် ဥပဒေ တောင်ကိုရီးယား ပယ်ဖျက်


အိမ်ထောင်ရေးဖောက်ပြန်မှု တားမြစ်ဥပဒေကို ပယ်ဖျက်လိုက်တဲ့ တောင်ကိုရီးယား တရားရုံး (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅)
အိမ်ထောင်ရေးဖောက်ပြန်မှု တားမြစ်ဥပဒေကို ပယ်ဖျက်လိုက်တဲ့ တောင်ကိုရီးယား တရားရုံး (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅)

တောင်ကိုရီးယားနိုင်ငံမှာ ကာမပိုင်ရှိလျက် တခြား လူနဲ့ လိင်ဆက်ဆံတာကို ပိတ်ပင် ကန့်သတ်ထားတဲ့ သက်တမ်း ၆၂ နှစ်ရှိပြီ ဖြစ်တဲ့ ဥပဒေတရပ်ကို တရားရုံးတခုကနေ ပယ်ဖျက်လိုက်ပြီးတဲ့နောက် ကွန်ဒွမ်း ထုတ်လုပ်ရောင်းချတဲ့ နာမည်ကျော် ကုမ္ပဏီ တခုရဲ့ အစုရှယ်ယာဈေးနှုန်းတွေ ၁၅% အထိ ခုန်တက်သွားပါတယ်။

ဒီဥပဒေဟာ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ဖိနှိပ်တယ်လို့ အခြေခံဥပဒေဆိုင်ရာ တရားခုံရုံးက ဆုံးဖြတ်လိုက်တာကြောင့် အိမ်ထောင် ရေးဖောက်ပြန်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၃၁ ရက် နောက်ပိုင်းမှာ အမှုရင်ဆိုင်နေရသူ ထောင်ပေါင်းများစွာအပေါ် သက်ရောက်မှုရှိစေမှာပါ။ အဲဒီရက်ဟာ ဥပဒေကို တရားရုံးက ထပ်ပြီး အတည်ပြုထားတဲ့ရက် ဖြစ်ပါတယ်။

လက်ရှိစွဲချက်တွေကို ရုပ်သိမ်းရဖွယ်ရှိပြီး အပြစ်ရှိကြောင်း စီရင်ခံထားရသူတွေရဲ့အမှုကို ပြန်စစ်ဆေးဖို့ အကျုံးဝင်ဖွယ်ရှိတယ်လို့ အမည်မဖော်လိုတဲ့ တရားရုံးတာဝန်ရှိသူတဦးက ပြောပါတယ်။

ရှေ့နေချုပ်ရုံးရဲ့ ကိန်းဂဏန်းတွေအရ ၂၀၀၈ ခုနှစ် နိုဝင်ဘာလကနေ ဒီနှစ် ဇန်နဝါရီလအထိဆိုရင် လူပေါင်း ၅,၄၀၀ ကျော်ကို ဒီဥပဒေနဲ့ စွဲချက်တင်ခဲ့တာပါ။
ဥပဒေအရဆိုရင် ကိုယ့်ရဲ့ ဇနီး ခင်ပွန်း မဟုတ်တဲ့ အိမ်ထောင်သည်တဦးနဲ့ လိင်ဆက်ဆံသူကို ထောင်ဒဏ်နှစ်နှစ်အထိ ပြစ်ဒဏ် ချမှတ်နိုင်ပါတယ်။ ၁၉၈၅ ခုနှစ်ကတည်းကနေဆိုရင် တောင်ကိုရီးယားနိုင်ငံသား ၅၃,၀၀၀ ကျော်ကို အိမ်ထောင်ရေးဖောက်ပြန်မှု စွဲချက်တွေနဲ့ ပြစ်ဒဏ် စီရင်ခဲ့ပေမယ့် ထောင်ဒဏ်ချမှတ်တာကတော့ သိပ်နည်းပါတယ်။

XS
SM
MD
LG