တောင်ကိုရီးယားမှာ ခွေးသားထုတ်လုပ်ရောင်းချမှု တားမြစ်တဲ့ ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ တိရစ္ဆာန်အခွင့်အရေး ထိခိုက်သလို နိုင်ငံတကာပုံရိပ်ကျဆင်းစေတဲ့ ခွေးသားထုတ်လုပ်ရောင်းချမှု ကို တားမြစ်ဖို့ အများတောင်းဆိုချက်အတိုင်း လွှတ်တော်က အတည်ပြုလိုက်တာပါ။ ဒီတားမြစ်ချက်နဲ့ ပတ်သက်လို့ မကျေနပ်တဲ့ ခွေးသား ထုတ်လုပ်ရောင်းချသူတချို့က ဆန္ဒပြပွဲတွေပြုလုပ်ဖို့ စီစဉ်နေကြပါတယ်။
တားမြစ်ချက် ဥပဒေကြမ်းအရ ခွေးသားထုတ်လုပ်ရောင်းချတာကို ၂၀၂၇ ခုနှစ်မှာ အဆုံးသတ်ဖို့ ရည်ရွယ်ထားပြီး ခွေးတွေကို လူတွေစားသုံးဖို့ သားဖောက်ရောင်းချရင် ထောင်ဒဏ် ၂ နှစ်ကနေ ၃ နှစ်ထိကျခံရနိုင်ပါတယ်။ တောင်ကိုရီးယားမှာ ခွေးသားစားသုံးမှု အလေ့အထက ရာစုနှစ်များစွာကတည်းက ရှိခဲ့ပေမဲ့ အတိအလင်းတားမြစ်ထားတာမရှိသလို တရားဝင်ခွင့်ပြုထားတာလည်း မရှိပါဘူး။ မကြာသေးခင်က ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ တောင်ကိုရီးယားနိုင်ငံသား တဝက်ကျော်လောက်က ခွေးသားစားကြတာကို တားမြစ်သင့်တယ်လို့ ယူဆကြပါတယ်။ အများစုက စားသုံးခြင်း မရှိကြပေမဲ့ ဒီအလေ့အထကို တားမြစ်ဖို့ မလိုဘူးလို့ လက်ခံထားသူတွေလည်းရှိနေတာပါ။
အခုတော့ ဒီတားမြစ်ချက် ဥပဒေကြမ်းကို တောင်ကိုရီးယားလွှတ်တော်က ထောက်ခံမဲ ၂၀၈ မဲ၊ ကန့်ကွက်မဲမရှိနဲ့ အတည်ပြုခဲ့ပြီး သမ္မတ Yoon Suk Yeol လက်မှတ်ရေးထိုးပြီးရင် တရားဝင်သတ်မှတ်တဲ့ ဥပဒေဖြစ်လာမှာဖြစ်ပါတယ်။