သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cyber တိုက်ခိုက်ခံရမှု မြောက်ကိုရီးယား လက်ချက်ဖြစ်ကြောင်း စုံစမ်းတွေ့ရှိ


ပြီးခဲ့တဲ့လတုန်းက တောင်ကိုရီးယား ရုပ်သံလွှင့် လုပ်ငန်းတချို့နဲ့ ဘဏ်တွေရဲ့ ကွန်ပြူတာတွေ လုံးဝကို သုံးလို့ မရအောင် ဖြစ်ခဲ့တဲ့ အင်တာနက်ပေါ်က Cyber တိုက်ခိုက်မှုကို မြောက်ကိုရီးယား စစ်ထောက်လှမ်းရေးဌာနက လုပ်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယား အစိုးရ စုံစမ်းမှုတခုက ပြောလိုက်ပါတယ်။

မြောက်ကိုရီးယားစစ်တပ်ရဲ့ ထောက်လှမ်းရေး ဗျူရိုကနေ အရင်အခေါက်တွေတုန်းက အင်တာနက်ကတဆင့် တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပုံနဲ့ နောက်ဆုံးတိုက်ခိုက်မှုပုံစံ ဆင်တူတယ်လို့ တောင်ကိုရီးယား အင်တာနက်နဲ့ လုံခြုံရေးဌာန KISA ကနေ ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်တာပါ။

တိုက်ခိုက်မှုတွေကို ခြေရာကောက်လို့ မရအောင် အင်တာနက် ချိတ်ထားတဲ့ ကွန်ပြူတာလိပ်စာ IP Address တွေကို နိုင်ငံပေါင်း ၄၀ ကို ဖြန့်ပြီး လမ်းလွှဲထားပေမဲ့ တကယ် တိုက်ခိုက်မှုတွေကို လုပ်ခဲ့တဲ့ ကိုယ်ပိုင်သုံး ကွန်ပြူတာ ၆ လုံးဟာ မြောက်ကိုရီးယားက ဖြစ်တယ် ဆိုတာကို လိုက်လံ ခြေရာခံနိုင်ခဲ့တယ်လို့ စုံစမ်းသူတွေက ပြောပါတယ်။

အရင်က အင်တာနက်ကတဆင့် တိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေတုန်းကလည်း မြောက်ကိုရီးယား ဟာ မတူတဲ့ နေရာ ၂၂ ခုကို လမ်းလွှဲ သုံးခဲ့တယ်လို့ KISA က ပြောပါတယ်။ နောက်ဆုံး Cyber တိုက်ခိုက်မှုဟာ အသေအချာ ပြင်ဆင်ပြီးတော့မှ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KISA ပြောခွင့်ရသူက ပြောပါတယ်။

မတ်လ ၂၀ ရက်နေ့တုန်းက Cyber တိုက်ခိုက်မှုကြောင့် ကွန်ပြူတာနဲ့ Server ပေါင်း ၄ သောင်း ၈ ထောင်ကို ထိခိုက်ခဲ့ပြီး၊ တောင်ကိုရီးယားက ထိပ်တန်း ရုပ်သံလွှင့်လုပ်ငန်းကြီး ၃ ခုရဲ့ လုပ်ငန်းလည်ပတ်မှုတွေ ရပ်ဆိုင်းသွားခဲ့သလို၊ ဘဏ်တွေမှာလည်း ဘဏ္ဍာရေးဝန်ဆောင်မှုတွေ ရက်တော်တော်ကြာကြာ နှောင့်နှေးခဲ့ပါတယ်။
XS
SM
MD
LG