ကိုးရီးယားစစ်ပွဲအတွင်းက ကွဲကွာခဲ့ကြတဲ့ မိသားစုတွေ ပြန်လည်ပေါင်းစည်းရေးအပါအဝင် နှစ်ဘက် စိုးရိမ်မကင်းဖြစ်မှုတွေကို ဆွေးနွေးကြဖို့ မြောက်ကိုးရီးယားနဲ့ ဝန်ကြီးအဆင့် စည်းဝေးပွဲတွေ ကျင်းပဖို့ တောင်ကိုးရီးယား အကြီးတန်းအရာရှိတဦးက ကမ်းလှမ်းလိုက်ပါတယ်။
မြောက်ကိုးရီးယားအစိုးရထံကို တရားဝင်ကမ်းလှမ်းစာ ပို့ထားပြီဖြစ်တဲ့အကြောင်း မြောက်ကိုးရီးယားနဲ့ ဆက်ဆံရေးဆိုင်ရာအကြီးအကဲ၊ တောင်ကိုးရီးယားပြန်လည်ပေါင်းစည်းရေးဝန်ကြီး Ryo Kihl-jae က ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။ မြောက်ကိုးရီးယားနဲ့ နှစ်ဘက် စိုးရိမ်ပူပန်မှုအားလုံးတို့ကို ဆွေးနွေးဖို့ဆန္ဒရှိတယ်လို့လည်း သူက ပြောပါတယ်။ နှစ်ဘက်အကျိုးစီးပွားအတွက် ဆွေးနွေးပွဲကို လာမယ့်နှစ် ဇန်နဝါရီအတွင်းမှာ ဆွေးနွေးဖို့ တရားဝင်ကမ်းလှမ်းလိုက်တာဖြစ်တယ်လို့လည်း တောင်ကိုးရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးက ပြောပါတယ်။
ဆွေးနွေးဖို့အတွက် မြောက်ကိုးရီးယားဘက်က သဘောတူခဲ့ရင်တော့ နောက်လထဲမှာ ပြုံယမ်းမြို့တော်မှာ ကျင်းပမှာဖြစ်ပြီး တောင်ကိုးရီးယား ပြန်လည် ပေါင်းစည်းရေးဝန်ကြီး Ryo နဲ့ မြောက်ကိုးရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီး Kim Yang Gon တို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
မြောက်ကိုးရီးယားဘက်က အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ အောက်တိုဘာလတုန်းက တောင်ကိုးရီးယားနိုင်ငံ ဆိုလ်းမြို့တော်ကို ရုတ်တရက် လာရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၂ လ လောက်တုန်းကတော့ နှစ်နိုင်ငံတို့က အဆင့်မြင့်ဆွေးနွေးပွဲလုပ်ဖို့ သဘောတူခဲ့ကြတာပါ။ ဒါပေမယ့်လည်း တောင်ကိုးရီးယားဘက်က တက်ကြွလှုပ်ရှားသူတွေက မြောက်ကိုးရီးယား ဆန့်ကျင်ရေး ကြော်ငြာစာရွက်တွေကို မိုးပျံပူဖောင်းတွေနဲ့ နယ်စပ် ဖြတ်ကျော် တင်လွှတ်ခဲ့ပြီးနောက်မှာတော့ မြောက်ကိုးရီးယားဘက်က ဒေါသထွက်ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်ရှင်။