သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေပိုင်နက် ကျုးကျော်မှုအတွက် ရုရှားစစ်လေယာဉ်တွေကို တောင်ကိုရီးယား သတိပေး


တောင်ကိုရီးယားနိုင်ငံပိုင် လေပြင်နယ်နိမိတ်ထဲ ဒီကနေ့ ၀င်လာတဲ့ ရုရှားစစ်လေယာဉ်ကို သတိပေးတဲ့အနေနဲ့ တောင်ကိုရီးယားဂျက်လေယာဉ်တွေက အချက်ပြမီးတွေပစ်ဖောက်ပြီး သတိပေးခဲ့ရတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တောင်ကိုရီးယား အရှေ့ ပင်လယ်ပြင်ထဲ ၀င်ရောက်လာတဲ့ ရုရှားလေယာဉ်ကို F-15Ks နဲ့ F-16Ks အပါအ၀င် တောင်ကိုရီးယား ဂျက်လေယာဉ်တွေက လိုက်ပြီး သတိပေး နှင်ထုတ်ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တောင်ကိုရီးယားဂျက်လေယာဉ်တွေဘက်က အချက်ပြမီးတွေ ပစ်ဖောက်လိုက်တော့မှ အဲဒီရုရှားလေယာဉ် ပြန်ထွက်သွားပေမယ့်လည်း သိပ်မကြာခင်မှာပဲ ပြန်လှည့်လာတဲ့အတွက် တောင်ကိုရီးယားဂျက်လေယာဉ်တွေက အချက်ပြမီးတွေ ထပ်ပြီး ပစ်ဖောက်ခဲ့ရတာပါ။

တောင်ကိုရီးယား လေကြောင်းကာကွယ်ရေးဇုံထဲမှာ မနေ့အင်္ဂါနေ့က အခြားရုရှားလေယာဉ် ၂ စင်းနဲ့ အတူ တရုတ်စစ်ဘက်လေယာဉ် ၂ စင်းတို့လည်း ၀င်ရောက်ပျံသန်းခဲ့ကြတယ်လို့ ဆိုးလ်မြို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီလုပ်ရပ်အတွက် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်နဲ့ ရုရှားသံရုံးကို တရားဝင် ကန့်ကွက်စာပေးပို့ခဲ့တာပါ။

ရုရှားကာကွယ်ရေး ၀န်ကြီးဌာနကတော့ သူ့စစ်လေယာဉ်ဟာ ဂျပန်ပင်လယ်ပေါ်က ကြားခံရေနယ်နိမိတ်ထဲမှာ ပျံသန်းခဲ့တာသာ ဖြစ်တယ်ဆိုပြီး တောင်ကိုရီးယားရဲ့ စွပ်စွဲပြောဆိုချက်ကို ပယ်ချပါတယ်။

တောင်ကိုရီးယားဂျက်လေယာဉ်တွေကသာ ကျင့်ဝတ်နဲ့အညီ လုပ်ဆောင်ခြင်းမရှိပဲ သတိပေးမီးတွေ ပစ်ဖောက်ခဲ့တာမျိုးလည်း မလုပ်ခဲ့ဘူးလို့ တန်ပြန်စွပ်စွဲပြောဆိုခဲ့တာပါ။

လေကြောင်းရန်ကာကွယ်ရေးဇုန်ထဲကို တရုတ်နဲ့ ရုရှားလေယာဉ်တွေ တခါတရံ ၀င်လာတာမျိုး ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ကိုရီးယားပိုင်လေပြင်နယ်နိမိတ်ထဲကို ရုရှားစစ်လေယာဉ် ၀င်လာတာ ဒါပထမဆုံးအကြိမ် ဖြစ်တယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG