သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားသမ္မတ ထောက်ခံသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်


သမ္မတယွန်းအား ဖမ်းဆီးရန် တောင်းဆိုနေသူများ (AP Photo/Ahn Young-joon)
သမ္မတယွန်းအား ဖမ်းဆီးရန် တောင်းဆိုနေသူများ (AP Photo/Ahn Young-joon)

တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာကြောင့် အရေးယူခံခဲ့ရတဲ့ သမ္မတ Yoon Suk Yeol ကို တရားဝင် ဖမ်းဆီးခွင့်ပြုဖို့ တရားရုံးက ဆုံးဖြတ်လိုက်တာကြောင့် ထောက်ခံသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား ဒီကနေ့ ရုန်းရင်ဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ လုပ်ရပ်အတွက် စစ်ဆေးမေးမြန်းမှုတွေကိုတော့ သမ္မတက တုံ့ပြန်ဖြေကြားခြင်း မရှိဘူးလို့လည်း အကျိုးဆောင် ရှေ့နေတွေက ပြောပါတယ်။ ဆိုးလ်မြို့တော်က သမ္မတအိမ်တော်မှာ ထိန်းသိမ်းလိုက်ပြီး ရက်ပိုင်းအကြာမှာပဲ ဒီကနေ့ တရားဝင်ဖမ်းဆီးဖို့ တရားရုံးက ဆုံးဖြတ်ချက်ချခဲ့တာပါ။

သမ္မတကို ဖမ်းဆီးဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ဆိုးလ်မြို့တော် တရားရုံးမှာ သမ္မတကို ထောက်ခံသူတွေက အဝင်တံခါးတွေ၊ ပြတင်းပေါက်တွေကို ရိုက်ချိုးဖျက်ဆီးပြီး ဝင်ရောက်ခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က ဒိုင်းအကာအရံတွေနဲ့ တားဆီးတာကိုလည်း ပလတ်စတစ် ထိုင်ခုံတွေ၊ သံပိုက်တွေနဲ့ အတင်းတိုးဝှေ့ ဝင်ရောက်ခဲ့ကြတာပါ။ လုံခြုံရေးရဲတွေကို ပစ္စည်းတွေနဲ့ ပစ်ပေါက်တာ ပရိဘောဂတွေကို ဖျက်ဆီးတာတွေလည်း တွေ့ရပါတယ်။

သမ္မတကို ဖမ်းဆီးဖို့ အမိန့်ချတဲ့ တရားသူကြီးကို ထုတ်ပေးဖို့လည်း တောင်းဆိုခဲ့ကြတာပါ။ တရားရုံးမှာ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် ရာနဲ့ချီ ချထားခဲ့ရပြီး ဆန္ဒပြသူ ၉၀ နီးပါးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ဒဏ်ရရသူ ရဲတပ်ဖွဲ့ဝင်တချို့ကို အရေးပေါ်ကားတွေမှာ ပြုစုနေတာလည်း တွေ့ရပါတယ်။ သမ္မတယွန်းဟာ သက်သေအထောက်အထားတွေကို ဖျက်ဆီးပစ်နိုင်တဲ့ အန္တရာယ်ရှိတာကြောင့် ဖမ်းဆီးခွင့်ပြုဖို့ လုံခြုံရေးအာဏာပိုင်တွေရဲ့ တောင်းခံချက်ကို တရားရုံးက ၈ နာရီကြာ ကြားနာစစ်ဆေးပြီးနောက် ဖမ်းဆီးဖို့ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG