သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို လက်နက်မဟုတ်တဲ့ အကူအညီ တောင်ကိုရီးယား တိုးပေးမည်


တောင်ကိုရီးယားသမ္မတနဲ့ ယူကရိန်းသမ္မတ Kyiv မြို့မှာတွေ့ဆုံစဉ်
တောင်ကိုရီးယားသမ္မတနဲ့ ယူကရိန်းသမ္မတ Kyiv မြို့မှာတွေ့ဆုံစဉ်

ယူကရိန်းနိုင်ငံအတွက် လူသားချင်းစာနာတဲ့ အကူအညီနဲ့ လက်နက်မဟုတ်တဲ့ စစ်ရေးအကူအညီတွေ တိုးပေးသွားမယ်လို့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က Kyiv မြို့တော်မှာ သမ္မတ Volodymyr Zelensky နဲ့တွေ့ဆုံစဉ်မှာ ကတိပြုခဲ့ပါတယ်။ Helmet ဦးထုတ်တွေ၊ ကျည်ကာအင်္ကျီတွေကို မနှစ်ကထက် ပိုတိုးပေးသွားတယ်လို့ ပူးတွဲသတင်းစာရှင်းပွဲမှာ သမ္မတ Yoon Suk Yeol ကပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဒေါ်လာ သန်း ၁၀၀ ပေးခဲ့ပြီး၊ အခုနှစ် ၂၀၂၃ ခုနှစ်အတွင်း ‌ဒေါ်လာသန်း ၁၅၀ အထိတိုးမြှင့်ပေးသွားမယ်လို့ ကြောညာခဲ့တာပါ။ သမ္မတ Zelensky ကလည်း တောင်ကိုရီးယားမှာ အသက်သေဆုံးတဲ့အထိ ရေကြီးနေချိန်လာရောက်တဲ့ တောင်ကိုရီးယားသမ္မတကို အသိအမှတ်ပြု ပြောကြားခဲ့ပါတယ်၊

တောင်ကိုရီးယားနိုင်ငံမှာ ရေကြီးမှုကြောင့် လူပေါင်း ၂၀ ထက် မနည်းသေဆုံးခဲ့တဲ့အပေါ် သူ့အနေနဲ့ စိတ်မကောင်းဖြစ်ကြောင်း ယူကရိန်းသမ္မတက ဝမ်းနည်းစကားပြောကြားခဲ့တာဖြစ်ပါတယ်။ ယူကရိန်းကို ဒီကနေ့ သွားရောက်တဲ့ တောင်ကိုရီးယားသမ္မတဟာ လူတွေအစုံလိုက်အပြုလိုက်သတ်ခံခဲ့ရတဲ့ Bucha ဘူခါမြို့နဲ့ ဒုံးကျည်အမြောက်အမြားနဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ Irpin မြို့က လူနေရပ်ကွက်တွေကို အစောပိုင်းက သွားရောက်လေ့လာခဲ့ပါတယ်။

လစ်သူရေးနီးယားနိုင်ငံမှာ ကျင်းပတဲ့ NATO စစ်ရေးမဟာမိတ်အဖွဲ့ ထိပ်သီးအစည်းအဝေးနဲ့ ပိုလန်နိုင်ငံတွေကို တောင်ကိုရီးယားသမ္မတာ အခုတပတ်မှာ သွားရောက်ခဲ့ ပြီးတဲ့နောက်၊ ယူကရိန်းနိုင်ငံကို ရုတ်တရက် သွားရောက်တာဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံအနေနဲ့ ယူကရိန်းနိုင်ငံနဲ့အတူ တသားနည်းရှိကြောင်းနဲ့ ယူကရိန်းကို ကူညီနိုင်မယ့် နည်းလမ်းတွေကိုရှာဖွေမယ်လို့ သမ္မတ Yoon Suk Yeol ကပြောကြားပြီး အခုလိုသွားရောက်နေတာပါ။

ကမ္ဘာမှာ လက်နက်အများဆုံး တင်ပို့ရောင်းချနေတဲ့ နိုင်ငံတွေထဲမှာ တောင်ကိုရီးယားနိုင်ငံက နံပါတ် ၉ နေရာမှာရှိတယ်လို့ AFP သတင်းမှာဖော်ပြပါတယ်။ ဒါပေမဲ့ စစ်ဖြစ်နေတဲ့နိုင်ငံတွေကို လက်နက်တင်ပို့ခြင်း မပြုရဆိုတဲ့ မူဝါဒကြောင့် ယူကရိန်းကို လက်နက်မဟုတ်တဲ့ အကူအညီတွေ ပေးနေတာဖြစ်ပါတယ်။

XS
SM
MD
LG