ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနအနေနဲ့ မြောက်ကိုရီးယားနဲ့ ပတ်သက်ရင် အကူအညီတွေပေးဖို့ အလေးပေးလုပ်ဆောင်ခဲ့တဲ့ အရင်ကလုပ်ရပ်တွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေကြောင်း တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။
ဒါအပြင် ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနအတွက် ဝန်ကြီးအသစ်ကိုလည်း သမ္မတက ဒီမတိုင်ခင် ခန့်အပ်ခဲ့တာပါ။ ဝန်ကြီးသစ် Kim Yung-ho ဟာ ကွန်ဆာဗေးတစ် ပညာရှင်တဦးဖြစ်သလို မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြတ်ပြတ်သားသား ဝေဖန်နေသူတဦး ဖြစ်ပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနရဲ့ အရင်အတိုင်း လုပ်ဆောင်ချက်တွေကို ပြောင်းလဲဖို့ ဝန်ကြီးချုပ် Yoon က ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒီဝန်ကြီးဌာနဟာ မြောက်ကိုရီးယားရဲ့ အကူအညီပေးရေးဝန်ကြီးဌာနလိုမျိုး ဖြစ်နေပြီး ဒါဟာ မှားယွင်းနေတယ်လို့ Yoon က အစိုးရဝန်ထမ်းတွေကို ပြောကြားခဲ့တာကို ဝန်ကြီးချုပ်ရုံးပြောခွင့်ရက သတင်းစာရှင်းလင်းပွဲမှာ ကိုးကားပြောဆိုခဲ့ပါတယ်။
ဒါအပြင် ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနအနေနဲ့ လစ်ဘရယ်ဒီမိုကရေစီ စံနှုန်းတွေအတွက် မားမားမတ်မတ်ရပ်ဖို့နဲ့ ပေါင်းစည်းရေးဟာ တောင်နဲ့မြောက် ကိုရီးယားမှာရှိတဲ့ ပြည်သူတွေအတွက် ပိုမိုကောင်းမွန်သာယာဝပြောတဲ့ လူမှုဘဝကို ယူဆောင်ပေးသင့်ကြောင်း ဝန်ကြီးချုပ် Yoon က တိုက်တွန်းပြောကြားခဲ့ပါတယ်။