သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံး မြောက်ကိုရီးယား ထပ်မံပစ်လွှတ်


မြောက်ကိုရီးယားနိုင်ငံအရှေ့ပိုင်း ပင်လယ်ဖက်ကို ပဲ့ထိန်းတပ် Missile ဒုံးတခု မြောက်ကိုရီးယားဘက်က ဒီနေ့ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌက ပြောကြားပါတယ်။ ဘယ်လို Missile ဒုံးအမျိုးအစားလဲ။ ဘယ်လောက် အကွာအဝေးအထိ ရောက်သလဲဆိုတာကိုတော့ လောလောဆယ် အတိအကျ မပြောသေးပါဘူး။ ပဲ့ထိန်းတပ်ဒုံး ဖြစ်ပုံရတဲ့ ဒုံးကျည်တခု မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးကလည်း ပြောကြားခဲ့ပါတယ်။

ဂျပန်စံတော်ချိန် ညနေ ၅ နာရီခွဲလောက်မှာ ပဲ့ထိန်းတပ်ဒုံး အနည်းဆုံးတခုကို မြောက်ကိုရီးယား အနောက်ဘက်ကမ်းဘက်ကနေ အရှေ့ဘက်ကို ဦးတည်ပစ်ခတ်ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး Toshiro Ino ကပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒုံးကျည်သွားရာ လမ်းကြောင်းအရ ဂျပန်အထူးစီးပွားရေးဇုံ ရေပိုင်နက်ဖြစ်တဲ့ Hokkaido နယ်ထဲက Oshima ကျွန်းအနောက်ပိုင်းကို ဦးတည်သွားနေတယ်လို့ ခန့်မှန်းကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်စစ်တပ်တို့ နှစ်စဉ်လုပ်နေကျ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် ပြင်ဆင်နေချိန်မှာ ဘယ်တုန်းကမှနဲ့ မတူတဲ့ ပြင်းထန်တဲ့ အရေးယူမှုလုပ်မယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့ပြီးနောက် အခုလို ဒုံးကျည်ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားက Nuclear လက်နက်တွေ သုံးလာခဲ့ရင် ဘယ်လို တုံ့ပြန်မလဲဆိုတာ တောင်ကိုရီးယားနဲ့ အမေရိကန်စစ်တပ်ကြား ၁ ရက်ကြာ ဆွေးနွေးလေ့ကျင့်မှုကို ဝါရှင်တန်မြို့တော်မှာ ရှေ့သီတင်းပါတ်ထဲမှာ စတင်မှာဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ Nuclear နဲ့ ဒုံးလက်နက်ရန် ပိုပြီးကြီးလာနေတာနဲ့အတူ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်တွေ ပူးတွဲပြီး အရင်နှစ်တွေထက် ပိုကြီးကျယ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကို လုပ်မယ်လို့ တောင်ကိုရီးယား အမျိုးသားကာကွယ်ရေးမူဝါဒဆိုင်ရာ ဒုဝန်ကြီး Heo Tae-keun က ပြောကြားထားပါတယ်။

မတ်လလယ်က စတင်ပြီး ၁၁ ကြာပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုတွေအတွင်း မြောက်ကိုရီးယားရဲ့ Nuclear ရန်နဲ့ ရုရှားနဲ့ ယူကရိန်းစစ်ပွဲ အခြေအနေတွေကို ထင်ဟပ်တုံ့ပြန်မယ့် လေ့ကျင့်မှုတွေလည်းပါမယ်လို့ ပြောကြားထားပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်အစိုးရတို့ဟာ ဒီနှစ်ထဲမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှု ၂၀ ကျော်လောက်လုပ်ဖို့ စီစဉ်နေတယ်လို့ မြောက်ကိုရီးယားကပြောပြီး ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေး ပျက်ပြားအောင် လုပ်နေတယ်လို့ သောကြာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ စွပ်စွဲထားပါတယ်။

ဒီနှစ်ဆန်းပိုင်းက မြောက်ကိုရီးယားလုပ်ခဲ့တဲ့ စစ်ရေးပြအခမ်းအနားတခုမှာ ကမ္ဘာ့ဘယ်နေရာကိုမဆို ရောက်အောင် ပစ်နိုင်ပုံရတဲ့ တိုက်ချင်းပစ်ပဲ့ထိန်းတပ် ဒုံးကျည်တချို့ကို မြောက်ကိုရီးယားက ပွဲထုတ်ပြသခဲ့ပါတယ်။

=== Unicode ====







XS
SM
MD
LG