သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားနိုင်ငံရေး အရှုပ်တော်ပုံ မြန်မာ့အရေးပါဝင်


 မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ် Yoo Jae- Kyung (ဓါတ်ပုံ- Korean Embassy in Myanmar's facebook)
မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ် Yoo Jae- Kyung (ဓါတ်ပုံ- Korean Embassy in Myanmar's facebook)

အရေးယူခံထားရတဲ့ တောင်ကိုးရီးယားသမ္မတ ပက်ဂွန်ဟေးရဲ့ နိုင်ငံရေးအရှုပ်တော်ပုံမှာ အဓိက ပါဝင်ပတ်သက်နေတဲ့ သူရဲ့လူယုံတော် အကြံပေး Choi Soon-sil နောက်ထပ်ရင်ဆိုင်နေရတဲ့အမှုမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်နေပါတယ်။

သူဟာ မြန်မာနိုင်ငံအတွက် ကူညီထောက်ပံရေးအစီအစဉ်ကနေ အမြတ်အစွန်းရဖို့ မမှန်ကန်တဲ့ နည်းလမ်းတွေအသုံးပြုခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ နောက်ထပ် ဖမ်းဝရံထုတ်ခံံထားရပြီး မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုးရီးယားသံ အမတ်အသစ် Yoo Jae-kyung ကိုလည်း Seoul မြို့တော်ကို ဆင့်ခေါ်ပြီး စစ်ဆေးနေပါတယ်။

စုံစမ်းမေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

သမ္မတ ပက်ဂွန်ဟေးရဲ့ အမျိုးသမီး လူယုံတော်အကြံပေး Choi Soon-sil ဟာ တောင်ကိုရီးယားအစိုးရရဲ့ မြန်မာနိုင်ငံထောက်ပံရေးအစီအစဉ်နဲ့ ဘယ်လိုပတ်သက်နေသလဲဆိုတာ စုံစမ်းစစ်ဆေးဖို့ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုးရီးယားသံအမတ်ကို လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ က Seoul မြို့တော်ကို ဆင့်ခေါ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံထောက်ပံရေး အစီစဉ်တွေထဲမှာ လက်ရှိစစ်ဆေးခံနေရတဲ့ K-Town ပရောဂျက်လို့ခေါ်တဲ့ အမေရိကန်ဒေါ်လာ ၆၅ သန်းကုန်ကျမယ့် ကွန်ဗန်ရှင်း စင်တာဆောက်ဖို့ ကွန်ထရက် ကိစ္စ အပါအဝင် တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ခေါ်သွားမယ့်အစီအစဉ်တွေပါဝင်တာပါ။ အဲဒီကနေ ရလာမယ့် အမြတ်အစွန်းတွေကို သူ့အနေနဲ့ ခံစားခွင့်ရဖို့ Choi ကရည်ရွယ်ထားတယ်လို့ စုံစမ်းရေးမှူးတွေက ယူဆထားပါတယ်။

ဒါအပြင် ဒီအစီအစဉ်ကို အကောင်အထည်ဖေါ်ဖို့ လက်ရှိမြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံအမတ် Yoo Jae-kyung ယူဂျေဂျုံးကို ခန့်အပ်ဖို့အတွက် သမ္မတ ပတ်ဂွန်ဟေးကို Choi ကအဆိုပြုခဲ့တာဖြစ်ပါတယ်။

Seoul မြို့တော်ကိုရောက်ရှိနေတဲ့ သံအမတ်ကြီး Yoo Jae-kyung က စုံစမ်းစစ်ဆေးမခံရခင် သတင်းထောက်တွေနဲ့ တွေ့ဆုံရမှာ သူနဲ့ Choi နဲ့ ပတ်သက်မှုရှိတဲ့ စွပ်စွဲချက်ကို ဝန်မခံခဲ့ပါဘူး။ သူက အခုလိုပြောသွားပါတယ်။

“ကျနော့်ကို သံအမတ်ကြီးရာထူးခန့်အပ်ဖို့ နောက်ကွယ်မှာ အကျိုးစီးပွားနဲ့ အကြံပြုခဲ့တယ်ဆိုရင် အဲဒီအကြံပြုခဲ့တဲ့သူဟာ လူမှားပြီးရွေးခဲ့တယ်လို့ ကျနော်ပြောနိုင်ပါတယ်။ ကျနော်ဟာ အဲဒီလို လူစားမျိုး မဟုတ်ပါဘူး။”

ဒါပေမဲ့လည်း သူ့ကို စုံစမ်းစစ်ဆေးမှုအပြီးမှာ သံအမတ်ရာထူးခန့်အပ်ဖို့အတွက် Choi က အဆိုပြုခဲ့တယ်လို့ Yoo က ဝန်ခံခဲ့ပါတယ်။

Yoo ဟာ သံတမန်ရေးဆိုင်ရာ အတွေ့အကြုံတခါမှ မရှိတဲ့အပြင် Samsung ကုမ္ပဏီရဲ့ အမှုဆောင်ညွန်ကြားရေးမှူးဟောင်းတဦးဖြစ်ပါတယ်။ သမီးဖြစ်သူ Chung Yoo-ra ကနေတဆင့် Choi Soon-sil နဲ့ Yoo တို့ တွေ့ဆုံရင်းနှီးခဲ့သလားဆိုတာကို စုံစမ်းရေးမှူးတွေက စစ်ဆေးမေးမြန်းနေပါတယ်။

သူ့အရင် မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုးရီးယားသံအမတ်ကြီး Lee Baek-soon ဟာ Choi ရဲ့ အစီအစဉ်မှာ ပူးပေါင်းဆောင်ရွက်မှုမလုပ်ခဲ့ တဲ့အတွက် Yoo Jae-kyung ကို သံအမတ်အသစ်အဖြစ် ၂၀၁၆ခုနှစ်မှာ ပြောင်းလဲခန့် အပ်ခဲ့တာဖြစ်တယ်လို့ ကိုရီးယားသတင်းတွေမှာ ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံ ထောက်ပံရေး အစီအစဉ်ထဲကနေ အကျိုးအမြတ်တွေခံစားခွင့်ရဖို့ Choi ရည်ရွယ်ထားကြောင်း ခိုင်လုံတဲ့အချက်တွေကို စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ရှိလာနေတယ်လို့ တောင်ကိုရီးယားနိုင်ငံမှာ နေထိုင်တဲ့ မြန်မာ့အရေးလှုပ်ရှားနေသူ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

"အဓိကကတော့ မြန်မာနိုင်ငံမှာ K-Town ပရောဂျက်ဆိုပြီးတော့ အကြီးအကျယ်ပြင်ဆင်ပါတယ်။ လွန်ခဲ့တဲ့တနှစ်လောက်ကတည်းက ပြင်ဆင်ခဲ့တယ်။ အဲဒီကိစ္စမှာ အမှုတွေ ပေါ်ပေါက်လာတဲ့အတွက် မဖြစ်ခဲ့ဘူးပေါ့နော်။ လုပ်ဖို့ တော်တော်ကြီးကို စိုင်းပြင်နေပြီး တော်တော်ကြီးကို စိုင်းပြင်းနေပြီး နေရာတွေဘာတွေ ရှာထားပြီးပြီ။ ရှစ်မိုင်နေရာမှာ။ မြေနေရာတွေရှာထားပြီးပြီ။ အဲဒီကိစ္စကိုလုပ်ဖို့အတွက် အကောင်အထည်ဖေါ်ဖို့အချိန်မှာ ဒီပြဿနာဝင်လာပြီးတော့၊ သမ္မတရဲ့ လူယုံအကြံပေးကို စစ်ဆေးတဲ့အထိ ဖြစ်လာပြီးတော့ ဒီကိစ္စက မဖြစ်သွားဘူးပေါ့နော်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သံအမတ်နဲ့ သမ္မတ လူယုံ တို့ ပါဝင်ပတ်သက်မှုက အခုချိန်ထိ ရှိနေတုန်းပဲ။ ဒီကိစ္စတွေက တဖြေးဖြေးနဲ့ ပေါ်လာတာပေါ့လေ။"

ဒါအပြင် မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံအမတ် Yoo Jae-kyung ကိုလည်း သူ့အပေါ်စွပ်စွဲချက်တွေမှန်ကန်မယ်ဆိုရင် သံအမတ်ရာထူးကနေ နှုတ်ထွက်ရမှာဖြစ်ပြီး ထိုက်သင့်တန်အပြစ်ဒဏ်ကျခံရဖို့ရှိတယ်လို့ ကိုရန်နိုင်ထွန်းကပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကတည်းက ဖမ်းဆီးခံထားရတဲ့ Choi ကို လွတ်လပ်တဲ့ စုံးစမ်းစစ်ဆေးရေးအဖွဲ့က အင်္ဂါနေ့က ဖမ်းဝရံထုတ်ပြီး မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လာဘ်စားမှုရှိမရှိ စစ်ဆေးမေးမြန်းခဲ့ပေမယ်လို့ သူက ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG