သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား ခရီးစဉ်မှာ သမ္မတ Trump မြောက်ကိုရီးယားကို သတိပေး


မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျည် အစီအစဉ်တွေက ကမ္ဘာကြီးတခုလုံးအတွက် ခြိမ်းခြောက်မှုကြီး ဖြစ်ပြီး တကမ္ဘာလုံး အတိုင်းအတာနဲ့ တုံ့ပြန်ဖို့ လိုအပ်တဲ့ အကြောင်း အမေရိကန် သမ္မတ Donald Trump က ပြောဆိုလိုက်ပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂံျုအွန်း အစိုးရကို ထောက်ခံနေတဲ့ နိုင်ငံတွေကိုလည်း ဝေဖန်လိုက်ပါတယ်။

အန္တရာယ်ကြီးလာနေတဲ့ မြောက်ကိုရီးယား အစိုးရကို လက်နက်၊ ငွေကြေး အရ ကူညီပေးနေတဲ့ နိုင်ငံတွေဟာ လက်သင့်ခံနိုင်စရာ မရှိဘူးလို့ သမ္မတ Trump က ပြောဆိုခဲ့တာပါ။ မဖြစ်မနေ စစ်ရေး အင်အားအသုံးပြုမှု အပါအဝင် နည်းလမ်းပေါင်းစုံ အသုံးပြုပြီး ဒီပြသနာကို ဖြေရှင်းနိုင်ရေး အတွက် အတူတကွ ဆောင်ရွက်နေတာနဲ့ အတူ အမေရိကန် အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ မဟာမိတ်တွေကို ကာကွယ်ဖို့ လိုအပ်ရင် အမေရိကန်ရဲ့ တုနှိုင်းမမီတဲ့ စစ်ရေးစွမ်းရည်ကို အပြည့်အ၀ အသုံးချဖို့ အဆင်သင့် ပြင်ဆင်ထားတယ်လို့လည်း သမ္မတ Trump က ပြောဆိုခဲ့တာပါ။

တောင်ကိုရီးယား နိုင်ငံ ဆိုလ်းမြို့တော်က သမ္မတ အိမ်တော် Blue House မှာ တောင်ကိုရီးယား သမ္မတ Moon Jae-in နဲ့ အတူ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် သမ္မတက အခုလို ပြောဆိုခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က ကိုရီးယား စစ်ပွဲမှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ အတူတိုက်ခိုက်ပြီးနောက်ပိုင်း တည်ဆောက်ထားသမျှကို မြောက်ကိုရီးယားဘက် ထိပါးခြိမ်းခြောက်ခွင့် မပြုနိုင်ဘူးလို့လည်း အမေရိကန် ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင်ဟာ သန်းပေါင်းများစွာသော အပြစ်မဲ့ သူတွေရဲ့ အသက်အန္တရာယ်ကို မလိုအပ်ဘဲ ခြိမ်းခြောက်နေတယ်လို့လည်း စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အမေရိကန် နဲ့ တောင်ကိုရီးယားတို့ အတူတကွ ကြိုးပမ်းနေကြကြောင်းလည်း သမ္မတ Trump က ထပ်လောင်း ပြောဆိုပြီး မြောက်ကိုရီးယားဘက်က စေ့စပ်ဆွေးနွေးရေး စကားဝိုင်းကို ရောက်လာပြီး လမ်းမှန်ကမ်းမှန် လုပ်လာမယ်လို့ ယုံကြည်ထားကြောင်းလည်း သမ္မတ Trump က ပြောဆိုခဲ့ပါတယ်။ အမေရိကန် သမ္မတ Trump နဲ့ သမ္မတ ကတော် Melania တို့က တောင်ကိုရီးယား နိုင်ငံ ဆိုလ်းမြို့တော်ကို ဒီကနေ့ အင်္ဂါနေ့ မနက်ခင်းမှာ ရောက်ရှိနေတာ ဖြစ်ပြီး ၂ ရက်ကြာ တောင်ကိုရီးယားနိုင်ငံ ခရီးစဉ် အစမှာတော့ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ နယ်စပ် စစ်မဲ့ဇုန်နဲ့ ကီလိုမီတာ ၁၀၀ အကွာမှာ ရှိတဲ့ အမေရိကန် စစ်အခြေစိုက် စခန်း Camp Humphreys ကိုလည်း သွားရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG