သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင်မှု ပမာဏလျှော့ချနိုင်ခြေရှိ


ကန်-တောင်ကိုရီးယားပူးတွဲစစ်ရေးလေ့ကျင်မှု
ကန်-တောင်ကိုရီးယားပူးတွဲစစ်ရေးလေ့ကျင်မှု

မြောက်ကိုရီးယားနဲ့ သံတမန်ရေး အဆက်အဆံတွေ တိုးမြှင့်ဖို့ ရှိနေချိန်မှာပဲ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကြား နှစ်စဉ် ကျင်းပလေ့ရှိတဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေကို အင်အားနဲ့ အချိန်ကာလ လျှော့ချသွားဖို့ ဆုံးဖြတ်လိုက်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

တပ်ဖွဲ့ဝင် ထောင်သောင်းချီ ပါဝင်ပြီး၊ နှစ်စဉ်နွေဦးရာသီရောက်တိုင်း ကျင်းပလေ့ရှိတဲ့ Key Resolve နဲ့ Foal Eagle ပူးတွဲစစ်ရေး လေ့ကျင့်မှု အစီအစဉ် ရှေ့လဆန်းမှာ စတင်တဲ့အခါ အရင်ကလို ၂ လကြာ လေ့ကျင့်မှုတွေအစား၊ တလသာ လေ့ကျင့်တော့မှာ ဖြစ်တဲ့အကြောင်း တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ အသိုင်းအဝန်းကို ကိုးကားပြီး Yonhap သတင်းဌာနက ဖော်ပြလိုက်တာပါ။

ဒီတကြိမ်မှာ အမေရိကန်ရဲ့မဟာဗျုဟာမြောက် B-1B ဗုံးကြဲလေယာဉ်တွေနဲ့ နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောတွေ မပါတော့ဘူးလို့လည်း ဆိုပါတယ်။ ကွန်ပြူတာနဲ့ သရုပ်ဖော်လေ့ကျင့်တဲ့ Key Resolve ပူးတွဲစစ်ရေး လေ့ကျင့်မှုကိုတော့ ရှေ့လလယ်မှာ စတင်ကျင်းပမှာဖြစ်ပြီး ပုံမှန်အတိုင်း သီတင်း ၂ ပတ် ကြာမယ်လို့လည်း သတင်းက ဖော်ပြခဲ့တာပါ။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေကိုတော့ ပြီးခဲ့တဲ့လထဲ တောင်ကိုရီးယားနိုင်ငံ PyeongChang မြို့မှာ ဆောင်းရာသီ အိုလံပစ် အားကစားပွဲတွေ ကျင်းပနေတဲ့အတွက် ရွှေ့ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံရာမှာ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ လုပ်မယ်ဆိုရင် သူ့အနေနဲ့ နားလည်လက်ခံကြောင်း ပြောခဲ့တယ်လို့လည်း တောင်ကိုရီးယား သမ္မတရုံး တာဝန်ရှိသူ တဦးက ပြောဆိုထားတာပါ။

အတိတ်မှာတုန်းကတော့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယားကို ကျုးကျော်ဖို့ ပြင်ဆင်တဲ့ လုပ်ရပ်အဖြစ် ဒေါသတကြီး တုံ့ပြန်လေ့ရှိသလို၊ မြောက်ကိုရီးယားဘက်က ရန်လိုတဲ့ လုပ်ရပ်မျိုးတွေ ရှိခဲ့တဲ့ အတွက်လည်း ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG