သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားတန်ပြန်ဖို့ ကန်နဲ့ တောင်ကိုရီးယား လုံခြုံရေးအားဖြည့်


မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်တွေ တိုးချဲ့တားဆီးရေးဆိုင်ရာ နှစ်နိုင်ငံ ဆွေးနွေးပွဲ အစမှာပဲ လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင်မယ့် အစီအစဉ်ကို အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားနိုင်ငံတို့က ကြေညာလိုက်ကြပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေမှာ B-1B နဲ့ နျူကလီးယား လက်နက် သယ်ဆောင်နိုင်တဲ့ B-52 ဗုံးကျဲ လေယာဉ်တွေ၊ ရေဒါနဲ့ ဖမ်းလို့မရနိုင်တဲ့ F-22 Stealth တိုက်လေယာဉ်တွေအပြင် နျူကလီးယား စွမ်းအင်နဲ့ ခုတ်မောင်းတဲ့ ရေငုပ်သင်္ဘောတွေ ထားရှိရေးအတွက် စီစဉ်နေတယ်လို့ ကာကွယ်ရေးနဲ့ သံတမန် အသိုင်းဝိုင်းတွေက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့မှာ အစပြုလိုက်တဲ့ အဆင့်မြင့် နျူကလီးယား မဟာဗြူဟာ ကာကွယ်တားဆီးရေးနဲ့ အတိုင်ပင်ခံအဖွဲ့ရဲ့ စည်းဝေးပွဲ ကျင်းပတဲ့ တပြိုင်ထဲမှာပဲ မြောက်ကိုရီးယားဟာ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားစစ်ပွဲ ဖြစ်ပေါ်ရေးအတွက် လုပ်ဆောင်နေတယ်လို့ အမေရိကန် ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့က တမူ ထူးခြားစွာ လူသိရှင်ကြား ဗြောင်ပြောကြားလိုက်ပါတယ်။

နျူကလီးယား လက်နက်သုံးစွဲခဲ့ရင် အဲဒီသုံးစွဲမှုရဲ့ အဆမတန် ကြီးမားတဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမယ်လို့ ၂+၂ လို့ခေါ်တဲ့ တောင်ကိုရီးယား ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter က ပြောပါတယ်။

တောင်ကိုရီးယားရဲ့ လုံခြုံရေးကို အမေရိကန်ရဲ့ ကာကွယ်ရေးဆိုင်ရာ လုပ်နိုင်စွမ်းအားလုံးနဲ့ အပြည့်အ၀ အကာကွယ်ပေးထားကြောင်း အမေရိကန်က မဟာမိတ်နိုင်ငံတွေကို နျူကလီးယားလက်နက်နဲ့ အကာကွယ်ပေးထားတာကို ရည်ညွန်းပြီး ကာကွယ်ရေးဝန်ကြီး ကာတာက ပြောကြားလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG