သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်စက်မှုဇုန် မြောက်ကိုရီးယား ရပ်ဆိုင်း


Kaesong စက်မှုဇုန်ဆီ တောင်ကိုရီးယားထရပ်ကားတွေ ဝင်ခွင့်မရလို့ ပြန်လှည့်ရပုံ (၃ ဧပြီ ၂၀၁၃)
Kaesong စက်မှုဇုန်ဆီ တောင်ကိုရီးယားထရပ်ကားတွေ ဝင်ခွင့်မရလို့ ပြန်လှည့်ရပုံ (၃ ဧပြီ ၂၀၁၃)
ကိုရီးယား နှစ်နိုင်ငံကြား နယ်စပ်ရဲ့ မြောက်ဘက်က ပူးတွဲ စက်မှုဇုန်ထဲ တောင်ကိုရီးယား လုပ်သားတွေ မဝင်ရအောင် မြောက်ကိုရီးယားက ဟန့်တား ပိတ်ဆို့လိုက်တာကြောင့် ရန်ဘက် နှစ်နိုင်ငံအကြား နောက်ဆုံးကျန်နေသေးတဲ့ ပူးပေါင်းဆောင်ရွက်မှု အရိပ်လက္ခဏာလေး ပျောက်ကွယ် သွားတော့မယ့်အရေးနဲ့ ကြုံနေရပါပြီ။

Kaesong စက်မှုဇုန်ဆီ တောင်ကိုရီးယား နိုင်ငံသားတွေ ဝင်ရောက်ခွင့်ကို ဆိုင်းငံ့ လိုက်ပြီလို့ မြောက်ကိုရီးယားက ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တာပါ။ ဒါပေမဲ့လည်း စက်မှုဇုန်မှာရှိနေ တဲ့ တောင်ကိုရီးယား အလုပ်သမား ရာပေါင်းများစွာကိုတော့ ထွက်ခွာခွင့်ပြုမယ်လို့ ဆိုပါတယ်။

ဝင်ခွင့်ပိတ်ပင်တာ ဘယ်လောက်ကြာမယ်ဆိုတာ သူတို့ကို မပြောဘူးလို့ တောင်ကိုရီးယား ဘက်က ပြောပေမဲ့ အကယ်၍ ရေရှည် နေမယ်ဆိုရင်တော့ တောင်ကိုရီးယား အလုပ်သမားတွေ အတွက် အစားအစာနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ပြတ်တောက်သွားမယ်လို့ သတိပေးထားပါတယ်။

အလုပ်သမားတွေ ဘေးအန္တရာယ် ကင်းရေးဟာ အစိုးရရဲ့ ထိပ်တန်း ဦးစားပေး ဖြစ်တယ် လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောခွင့်ရ ကင် ဟောင် ဆွခ် (Kim Hyung-Seok) က ပြောပါတယ်။

အလုပ်သမားတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာမယ်ဆိုရင် စစ်ရေးအရ လုပ်ဆောင်တာ ဟာ နောက်ဆုံးနည်းလမ်း ဖြစ်မယ်လို့လည်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန က ပြောပါတယ်။

စက်မှုဇုန်ထဲကို တောင်ကိုရီးယား နိုင်ငံသားတွေ အဝင်အထွက်လုပ်ခွင့် ပိတ်ပင်တာ အခုဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ အဲ့ဒီစက်မှုဇုန်ကို ၂၀၀၄ ခုနှစ်က စဖွင့်ခဲ့တာဖြစ်ပြီး ဆင်းရဲတဲ့ မြောက်ကိုရီးယားနိုင်ငံအတွက် တန်ဖိုးရှိတဲ့ ငွေဝင်လမ်း တခုလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အခုဖြစ်ရပ်ကတော့ စက်မှုဇုန်မှာ ဖြစ်ဖူးသမျှ ခြိမ်းခြောက်မှုတွေထဲ အပြင်းထန်ဆုံး အခြေအနေ ဖြစ်ပုံရပါတယ်။
XS
SM
MD
LG