သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ခြိမ်းခြောက်မှု တောင်ကိုရီးယား အလေးနက်ထား


တောင်ကိုရီးယားစစ်သည်တွေ စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်နေစဉ် (၂၉ မတ် ၂၀၁၃)
တောင်ကိုရီးယားစစ်သည်တွေ စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်နေစဉ် (၂၉ မတ် ၂၀၁၃)
တောင်ကိုရီးယား သမ္မတက မြောက်ကိုရီးယားရဲ့ ဆက်တိုက် ခြိမ်းခြောက်မှုတွေကို အထူး အလေးအနက်ထား ကိုင်တွယ် ဆောင်ရွက်နေတယ်လို့ ပထမဆုံးအကြိမ်အဖြစ် အပြင်းထန်ဆုံး စကားလုံးတွေ သုံးပြီး တုံ့ပြန်လိုက်ပါတယ်။

ဒါကြောင့် ဒီ တောင်-မြောက်ကိုရီးယား အပြန်အလှန်စကားနဲ့ ခြိမ်းခြောက်ရာကနေ နောက်ဆုံး စစ်ပွဲတိုက်ခိုက်မှုတွေအထိ ရောက်သွားမှာကို အများက စိုးရိမ်နေကြပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေး ထိပ်တန်း အရာရှိတွေနဲ့ တနင်္လာက တွေ့ဆုံရာမှာ သမ္မတ ပတ်ဂွန်ဟဲ (Park Geun-hye) က မြောက်ကိုရီးယားဘက်က ဘယ်လို ရန်စမှုမျိုးကိုမဆို နိုင်ငံရေးအရ ထည့်စဉ်းစားနေစရာ မလိုတော့ဘဲ မြန်မြန်ဆန်ဆန် နဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ လိုတယ်လို့ အမိန့်ပေးလိုက်ပါတယ်။

အခုလို သမ္မတ ပတ် က သတိပေးလိုက်ချိန်ဟာ လက်ညှိုးထောင် ခေါင်းငြိမ့် လုပ်လေ့ရှိတဲ့ မြောက်ကိုရီးယား လွှတ်တော် နှစ်စဉ် ကျင်းပချိန်နဲ့ တိုက်ဆိုင်နေ ပြီး၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ် ဂျုံအွန်း (Kim Jong Un) က သူ့ရဲ့ နျူကလီးယား လက်နက်တွေကို ချဲ့ထွင်သွားမယ်လို့ ကတိပြုပြောကြားအပြီး
နောက်တရက်မှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ မကြာခင်ကပဲ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ လက်ရှိ ပူးတွဲ စစ်ရေးလေ့ကျင့်မှု လုပ်တာနဲ့ မြောက်ကိုရီးယားရဲ့ တတိယမြောက် နျူကလီးယား လက်နက် စမ်းသပ်မှုအပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိတ်ဆို့ အရေးယူမှုတွေကို တိုးမြှင့်လိုက်တာတွေအပေါ် ဒေါသထွက်ပြီး တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကို စစ်ရေး တိုက်ခိုက်မှုတွေ လုပ်မယ်လို့ ခြိမ်းခြောက်လာနေခဲ့ပါတယ်။

အခုလို တင်းမာမှုတွေ ဖြစ်နေချိန်မှာ မနေ့ တနင်္ဂနွေတုန်းကလည်း အမေရိကန် တိုက်လေယာဉ် F-22 နှစ်စင်းဟာ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းရှိ Kadena လေတပ် အခြေစိုက်စခန်းကနေ ဆိုးလ်မြို့တော်ရဲ့ တောင်ဘက် မိုင် ၄၀ ခန့်အကွာမှာရှိတဲ့ Osan လေတပ်အခြေစိုက်စခန်းကို ပျံသန်းပြခဲ့ပါတယ်။

ဒီခေတ်မှီတိုက်လေယာဉ်တွေကို ဒီလကုန်မှာ ပြီးဆုံးမယ့် Foal Eagle ခေါ်တဲ့ စစ်ရေး လေ့ကျင့်ခန်း လုပ်ရာမှာ ထူးထူးခြားခြား ထည့်သုံးခဲ့တာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG