သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားရောက် မြန်မာတွေနဲ့ MERS အန္တရာယ်


ဆိုးလ်အမျိုးသားတက္ကသိုလ်ဆေးရုံ ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေ MERS ရောဂါကူးစက်မှု ကာကွယ်ရေးအဖြစ် mask တွေ အသုံးပြုထားပုံကို တွေ့ရစဉ်။
ဆိုးလ်အမျိုးသားတက္ကသိုလ်ဆေးရုံ ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေ MERS ရောဂါကူးစက်မှု ကာကွယ်ရေးအဖြစ် mask တွေ အသုံးပြုထားပုံကို တွေ့ရစဉ်။

တောင်ကိုရီးယားမှာဖြစ်ပွားနေတဲ့ MERS ခေါ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးကြောင့် ဒီကနေ့အထိ လူ ၅ ဦးသေဆုံးခဲ့ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံသား သောင်းချီရှိတဲ့ တောင်ကိုရီးယားနိုင်ငံမှာ မားစ်ရောဂါပိုးကူးစက်တဲ့ မြန်မာနိုင်ငံသားတွေ မရှိသေးပေမယ့် အားလုံး သတိထား နေထိုင် နေကြတယ်လို့ ပြောကြပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

MERS လို့ခေါ်တဲ့ အရှေ့အလယ်ပိုင်းဒေသ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုး ကူးစက်သူတွေကို တောင်ကိုရီးယားမှာ ပြီးခဲ့တဲ့မေလ တတိယပတ် အတွင်း စတင်တွေ့ရှိခဲ့တာပါ။ အခုချိန်ထိ သေဆုံးသူ ၅ ဦး ရှိသွားပြီဖြစ်ပြီး အားလုံးဟာ ကိုရီးယားလူမျိုးတွေဖြစ်ကြပါတယ်။ မြန်မာတွေ အများဆုံးနေထိုင် တဲ့ ဆိုးလ်မြို့တော်နားက ပူချွန်းမြို့မှာ မားစ်ရောဂါ ကူးစက်ခံထားရသူ ကိုရီးယားလူမျိုးတဦးရှိနေတာကြောင့် မြို့တော်ဝန်က အထူးသတိပေးချက် ထုတ်ပြန်ထားကြောင်း ပူချွန်းမှာနေတဲ့ ကိုကျော်စွာလင်းက ပြောပါတယ် ။

“….. ကိုရီးယားမှာ အဲဒီရောဂါနဲ့သေသွားတဲ့လူက ငါးယောက်ရှိသွားပြီဗျ။ အားလုံးပေါင်း စုစုပေါင်း ကူးစက်ထားတဲ့လူက ၆၄ ယောက်ရှိတယ်၊ ဒါပေမယ့် ကျနော်တို့နေတဲ့ ပူချွန်းနယ်မှာရှိတဲ့ မြို့တော်ဝန်ကပြောထားတယ်၊ အရေးပေါ်ကြေညာထားတာပေါ့ဗျာ။ သတိထားဖို့၊ အပြင်သွားလို့ရှိရင် masks တွေ ဘာတွေ မျက်နှာမှာတပ်ထားဖို့၊ နောက်ပြီးရင် ခြေ၊ လက်တွေကို သေချာ သန့်သန့်ရှင်းရှင်းလုပ်ဖို့အတွက်ကို သူကတော့ ပြောပြထားတယ်။ မြန်မာတွေ ထဲက တော်တော်များများက ဒီ mask တွေစည်းပြီးတော့ သွားနေလာနေကြတာပေါ့ဗျာ။ နောက်တခုကလည်း ရထားတွေ၊ ဘတ်စ်ကားတွေထဲမှာလည်း တော်တော်များများက မျက်နှာစည်းတဲ့ mask တွေပေါ့။ အဲဒီ mask တွေတောင်မှ ရိုးရိုးသာမန် အမှုန်လေးတွေကာကွယ်တဲ့ mask ပါးပါးလေးတွေ မဟုတ်ဘဲနဲ့ သူတို့သတ်မှတ်ထားတဲ့ mask အမျိုးအစားရှိတယ်ဗျ။ နည်းနည်းထူတာပေါ့ဗျာ၊ လုံခြုံမှု၊ စိတ်ချမှုရှိတယ်ဆိုပြီးတော့- အဲဒါကို သုံးကြတယ်။ အဲဒါတွေလည်း ဒီနေ့ကျနော် ဆေးခန်းမှာသွားဝယ်တာ ကုန်သွားပြီတဲ့၊ မရှိတော့ဘူး-တဲ့။ ကျနော်လည်း နည်းနည်း စိုးရိမ်တာပေါ့။ ကျနော်လည်း မြို့ထဲ အလုပ်ကိစ္စနဲ့ ခနခနသွားရတယ်ဆိုတော့။”

တောင်ကိုရီးယားအစိုးရကလည်း ပြည်သူတွေ လိုက်နာရမယ့် သတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့ ဆိုးလ်မြို့နားက ယုံအင်းမှာ နေထိုင်တဲ့ ကိုဇော်မိုးအောင်က ပြောပါတယ်။

“ကိုရီးယားအစိုးရအနေနဲ့တော့ အခုအချိန်ဆိုရင် ဘယ်ဆေးရုံတွေမှာ ရောဂါဘယ်နှစ်ယောက်ရှိတယ်၊ ဘယ်လိုနေရာတွေမှာ ရောဂါတွေ ဖြစ်ပွားနေတယ်။ အဲဒါကြောင့်မို့ သတိထားနေထိုင်ကြဖို့နဲ့ လက်တွေကို စင်ကြယ်အောင်ဆေးဖို့နဲ့ နောက်ပြီး လူထူထပ်တဲ့နေရာတွေကို မသွားရောက်ကြဖို့ သူတို့ သတ်မှတ်ထားတဲ့ နယ်မြေတွေထဲ မသွားကြဖို့ ဆက်တိုက် ကြေညာပြီးတော့ သတင်းတွေကလည်း လွှင့်နေပါတယ်ခင်ဗျ။ အခုကတော့ ကျနော်တို့ ဆိုးလ် နယ်မြေလည်း ပါသွားတယ်ပေါ့နော်။ ဆိုးလ်အနီးတဝိုက်မှာရှိတဲ့ ပူချွန်းတို့၊ ဖျောင့်ချက်တို့၊ ဆူဝမ်တို့၊ နောက်ပြီးတော့ ကိုရီးယားနိုင်ငံရဲ့တောင်ဘက်အစွန်း ဂျော်လတ်ပြည်နယ်တို့ပေါ့နော်၊ အဲဒီဘက်တွေမှာ လူနာတွေတွေ့ရတာဖြစ်တဲ့အတွက်ကို အဲဒီနေရာတွေမှာတော့ သတိထားဖို့ သတိပေးထားတာရှိပါတယ်။”

ပြည်သူအများသုံးစွဲတဲ့ ရထားနဲ့ ဘတ်စ်ကားတွေမှာ မားစ်ရောဂါ ကြိုတင်ကာကွယ်မှုတွေ လုပ်ပေးနေကြောင်း ကိုကျော်စွာလင်းက ရှင်းပြပါတယ်။

“ဘူတာတွေဘာတွေမှာဆိုလို့ရှိရင် ဆေးလိုက်ဖျန်းတယ်ဗျ။ ပိုးသတ်ဆေးပုံစံမျိုးပေါ့ဗျာ။ အဲဒီဆေးတွေ လိုက်ဖျန်းတာရှိတယ်။ ဘူတာတွေထဲမှာဖြစ်ဖြစ်၊ ကားတွေထဲမှာဖြစ်ဖြစ် တော်တော်များများကတော့ အပြင်သွားလို့ရှိရင် mask တွေ စည်းထားတာလည်း တွေ့ရတယ်ဗျ။ တချို့ကျတော့လည်း မစည်းကြဘူးဗျ။ မစည်းကြတော့လည်း ကျနော်သေသေချာချာမေးကြည့်တော့ အဲဒီ ရောဂါအမျိုးအစားက ကူးရင်သေလားဆိုတော့ အဲဒီရောဂါက-တဲ့၊ ကူးစက်လိုက်လို့ရှိရင် လူတယောက်က resistant ပေါ့ဗျာ၊ ခံနိုင်ရည်အား နည်းနေတဲ့အချိန်ကျလို့ရှိရင် အဲဒီရောဂါကူးလို့ရှိရင် သေတတ်တယ်-ပေါ့လေ။ ကိုယ့်ခံနိုင်ရည်အပေါ်မှာ မူတည်တယ်ပေါ့။”

မားစ်ရောဂါနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေရှိနေကြတာကြောင့် အခါတိုင်း လူတွေနဲ့စည်ကားလေ့ရှိတဲ့ တနင်္ဂနွေနေ့မျိုးမှာတောင် လူတွေ ခြောက်ကပ်ကုန် တယ်လို့ ကိုဇော်မိုးအောင်က ပြောပါတယ်။

“အခုဆိုရင် လမ်းတွေမှာပဲကြည့်ကြည့်၊ ဆေးရုံတွေမှာပဲကြည့်ကြည့် လူတွေ မရှိသလောက်ကို ဖြစ်နေတယ်။ ဒီနေ့လို တနင်္ဂနွေနေ့မျိုးဆိုရင်ပေါ့နော်၊ ပျော်ပွဲရွှင်ပွဲတွေ သွားကြတယ်။ နားတဲ့နေရာတွေသွားပြီး နားကြတယ်။ နောက်ပြီး စားကြသောက်ကြတယ်၊ ပျော်ကြပါးကြတယ်ပေါ့နော်။ ဒါပေမယ့် ဒီနေ့ နေ့မှာတော့ ကားတွေအကုန်ရှင်းနေပြီးတော့ လူတွေ အပမ်းဖြေတဲ့နေရာတွေမှာ၊ စားသောက်ဆိုင်တွေမှာ လူတွေ မရှိသလောက်ကို ဖြစ်နေတယ်။”

ဒီလိုမျိုး အခြေအနေတွေရှိပေမယ့် မြန်မာနိုင်ငံသားအများစုလုပ်နေတဲ့ စက်ရုံတွေမှာတော့ ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ သိရပါတယ်။

“ကိုရီးယားနိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကတော့ အဲဒီရောဂါကြောင့် အထူးစိုးရိမ်ကြောင့်ကြနေကြပြီးတော့ နှာခေါင်းပိတ်တွေ တပ်ထားကြတယ်။ နောက်ပြီးတော့ လူနေထူထပ်တဲ့နေရာတွေကို မသွားကြဘူး-နော်။ ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံသားအချင်းချင်းလည်း တယောက်နဲ့တယောက် လှမ်းဆက်သွယ်ပြီးတော့ အပြန်အလှန် အသိပေး အကြောင်းကြားနေတာလည်း ရှိပါတယ်။ အခုကတော့ ကျနော်သိသလောက် အလုပ်ကတော့ လုပ်နေဆဲပေါ့နော်။ ဒါပေမယ့် နေ့ကလေးထိန်းကျောင်းကနေစပြီး အထက်တန်းကျောင်းတွေ၊ တက္ကသိုလ်တွေတော့ ခေတ္တတော့ ပိတ်ထားတယ်ပေါ့နော်။ စားသောက်ဆိုင်တွေလည်း ပိတ်ထားတာတွေ ရှိတယ်ဗျ။ တောင်ကိုးရီးယားရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအားလုံးကတော့ စက်ရုံတွေမှာ လုပ်တာများတာပေါ့နော်။ ဒါပေမယ့် အခုချိန်အထိတော့ စက်ရုံအလုပ်ရုံတွေ ပိတ်တာ၊ နားတာတော့ အခုချိန်အထိ မကြားရသေးဘူးပေါ့။ အခုအချိန်ထိ စက်ရုံထဲမှာ အလုပ်လုပ်နေကြဆဲပါပဲခင်ဗျ။”

ကိုဇော်မိုးအောင်က ပြောသွားတာပါ။ အသက်ရှူလမ်းကြောင်းဆိုင်ရာ MERS ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတဦး မေလ ၂၀ ရက်နေ့က ပထမဆုံးတွေ့ခဲ့ရတယ် ဆိုပြီး တောင်ကိုရီးယားအစိုးရက ကြေညာခဲ့ပါတယ်။အဲဒီလူဟာ ရောဂါဖြစ်ပွားနေတဲ့ ဘာရိန်း ၊ ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု ယူအေအီးနိုင်ငံတွေကို ခရီးသွားခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

XS
SM
MD
LG