ကိုရီးယားကျွန်းဆွယ်ထဲမှာ တင်းမာမှုတွေ လျော့နည်းလာတဲ့ နောက်ဆုံးသင်္ကေတ အနေနဲ့ မြောက်ကိုရီးယားနိုင်ငံဘက်က နှစ်ဘက် စစ်ရေး ဆွေးနွေးပွဲတွေလုပ်ဖို့ ကမ်းလှမ်းလာတယ်လို့ တောင်ကိုရီးယားနိုင်ငံက ပြောလိုက်ပါတယ်။
နာနာကြည်းကြည်း မုန်းနေကြတဲ့ နှစ်နိုင်ငံနယ်စပ်က စစ်ရေးဆက်သွယ်မှု လမ်းကြောင်းကနေ အခုလို အဆိုပြုမှုကို မနေ့ကပဲ လက်ခံရခဲ့တာပါလို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ကာကွယ်ရေး ဝန်ကြီးဌာနက မြောက်ကိုရီးယား အနေနဲ့ ဆွေးနွေးချင်တဲ့ ကိစ္စတွေကတော့ ကိုရီးယားကျွန်းဆွယ် အနောက်ဘက်ကမ်းနားမှာ ရှိတဲ့ အငြင်းပွားနေရတဲ့ နယ်စပ် ပင်လယ်ရေပြင်ကိစ္စ၊ တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူတွေက နယ်စပ်ကျော်ပြီး ဖြန့်ထားတဲ့ မြောက်ကိုရီးယား ဆန့်ကျင်ရေး လှုံ့ဆော်စာတွေ ကိစ္စတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
တောင်မြောက် နှစ်နိုင်ငံကြား စစ်ရေးဆွေးနွေးပွဲတွေ နောက်ဆုံးလုပ်ခဲ့တာက ၂၀၀၈ ခုနှစ်တုန်းက ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ကွဲပြားနေတဲ့ ဒီနှစ်နိုင်ငံက ကြက်ခြေနီ အရာရှိတွေဟာ မြောက်ကိုရီးယား နယ်စပ်မြို့ ကေဆွန်မှာ မနက်ဖြန် တွေ့ဆုံကြဖို့ ပြင်ဆင်နေကြပါတယ်။ ဒီတွေ့ဆုံပွဲမှာ ၁၉၅၀ နဲ့ ၁၉၅၃ ကြားမှာ ဖြစ်ခဲ့တဲ့ ကိုရီးယား စစ်ပွဲအပြီး ကွဲသွားကြတဲ့ မိသားစုတွေ ပြန်ဆုံနိုင်ရေးကို ပြန်စပေးဖို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
မကြာသေးခင် ကာလတွေတုန်းက ဖြစ်ခဲ့တဲ့ ပြင်းထန်တဲ့ ရေကြီးမှုကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရတဲ့ မြောက်ကိုရီးယားနိုင်ငံ အတွက်လည်း လူသားချင်း စာနာတဲ့ အကူအညီတွေ အစုလိုက် အပြုံလိုက် ပေးဖို့ တောင်ကိုရီးယား ကြက်ခြေနီ အဖွဲ့က စီစဉ်နေပါတယ်။