သင်္ဘောသား ၄၆ ယောက် သေဆုံးခဲ့ရတဲ့ မတ်လထဲတုန်းက တောင်ကိုရီးယား ရေငုပ်သင်္ဘော နစ်မြုပ်မှုနဲ့ ပတ်သက်လို့ တောင်နဲ့မြောက် ကိုရီးယားတို့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီကနေ့ သီးခြားစီ အစီရင်ခံဖို့ ရှိနေပါတယ်။
နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေအရ မြောက်ကိုရီးယားရဲ့ လက်ချက် ဖြစ်တယ်လို့ အပြစ်တင်ထားတဲ့ ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုအတွက် တောင်ကိုရီးယား သမ္မတက ပြင်းပြင်းထန်ထန် တုံ့ပြန်သွားဖို့ တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။
တောင်ကိုရီးယားနဲ့ နိုင်ငံတကာ အသိုင်းအဝန်း အနေနဲ့ ဒီလိုတုံ့ပြန်ဖို့ ပျက်ကွက်မယ်ဆိုရင် နောက်ထပ် တိုက်ခိုက်မှုတွေ အချိန်မရွေး ထပ်ဖြစ်လာနိုင်တယ်လို့ တောင်ကိုရီးယား သမ္မတ လီမြောင်-ဘက်ခ် (Lee Myung-bak) က ဒီကနေ့ပဲ ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောဆိုသွားခဲ့တာပါ။
မြောက်ကိုရီးယားကတော့ သူတို့အပေါ် စွပ်စွဲချက်ကို ငြင်းဆန်ထားတာဖြစ်ပြီး လက်တုံ့ပြန်မှုတွေဟာ စစ်ဖြစ်မယ့် အခြေအနေတွေကို ဦးတည်စေလိမ့်မယ်လို့ ပြောဆိုခဲ့တာပါ။
ဒီကနေ့မှာ သင်္ဘောနစ်မြုပ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ တောင်ကိုရီးယားက လုံခြုံရေးကောင်စီကို အစီရင်ခံမှာဖြစ်ပြီး ဒီနောက်မှာ မြောက်ကိုရီးယားက သူတို့ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ ရှင်းပြသွားမှာ ဖြစ်ပါတယ်။