ဒီနေ့ မနက်ပိုင်းမှာ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ စစ်တပ်တွေရဲ့ ဗိုလ်မှူးကြီးအဆင့် ရှိသူတွေဟာ တနာရီနီးပါး တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး နေ့လယ်မှာလည်း ဆွေးနွေးပွဲတွေကို ဆက်ခဲ့ပါတယ်။
နှစ်နိုင်ငံနယ်စပ် ပန်မွန်ဂျုံရွာမှာ တောင်နဲ့ မြောက်ကိုရီးယား စစ်တပ်တို့ရဲ့ ဗိုလ်မှူးကြီး ၂ ဦး လက်ဆွဲနှုတ်ဆက်နေကြတဲ့ ဓာတ်ပုံကို တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနက ဒီနေ့ ဖြန့်ဝေလိုက်ပါတယ်။
ဒီ့ထက် အဆင့်မြင့်တဲ့ စစ်အရာရှိကြီးတွေရဲ့ ဆွေးနွေးပွဲ ဖြစ်ပေါ်ရေး အစီအစဉ်နဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဒီနေ့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး မနက်ဖြန်မှာလည်း ဆွေးနွေးပွဲတွေ ဆက်ဦးမယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
မြောက်ကိုရီးယား နျူကလီးယားအရေး ၆ နိုင်ငံ ဆွေးနွေးပွဲရဲ့ တောင်ကိုရီးယားဘက်က ထိပ်တန်း သံတမန် ၀ီဆန်လက် (Wi Sun Lac) ဟာ ဆိုးလ်မြို့တော်ကို ရောက်ရှိနေတဲ့ အမေရိကန် အထူးသံတမန် ရောဘတ် ကင်း (Robert King) နဲ့ တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။