သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကိုရီးယား ၂ နိုင်ငံ သင့်မြတ်ရေးနှင့် လူ့အခွင့်အရေးပြဿနာ


အိုလံပစ်ပွဲတော်ကို တက်ရောက်လာတဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့၊ အမေရိကန်၊ ဂျပန်နဲ့ နိုင်ငံတကာခေါင်းဆောင်များ။

တောင်ကိုရီးယားအစိုးရအနေနဲ့ အိုလံပစ်ပွဲ လက်ခံကျင်းပတာကို သံတမန်ရေး အခွင့်အလမ်းအဖြစ်သုံးပြီး မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးလမ်းဖွင့်လိုက်ကာ ဒီဆက်ဆံရေး ဆက်ကောင်းစေဖို့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဘေးဖယ်ထားမှာ စိုးရိမ်မှုတွေရှိနေပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယားမဟာမိတ် အမေရိကန် အစိုးရဘက်ကတော့ Kim Jong Un အစိုးရရဲ့ ဒီလူ့အခွင့်အရေး ချိုးဖောက် မှုတွေကို ပိုအလေးထားလာတာမို့ မြောက်ကိုရီးယား နျူကလီယာအရေးမှာ နောက်ဆုံးစစ်ရေးအရ အထိ ဖိအားပေးတာတွေ တိုးမြှင့်လာမလားလို့ မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။

မြောက်ကိုရီးယားအရေး တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ချည်းကပ်ပုံ စကွဲ လာနေပြီလား၊ ဒီအကြောင်း VOA သတင်းထောက် Brian Padden နဲ့ Kim Huynjin သတင်းပို့ထားတာကို ကိုဝင်းမင်းက ပြောပြပေးမှာပါ။

ဒီအပတ် တောင်ကိုရီးယားလွှတ်တော်ထဲမှာ အတိုက်အခံအမတ်တချို့က တောင်ကိုရီးယား သမ္မတ Moon Jae-in အနေနဲ့ဆောင်းရာသီအိုလံပစ်ပွဲကို ရောက်လာတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ရဲ့ညီမ Kim Jing Un အပါအဝင် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံရာမှာ လူ့အခွင့်အရေးကိစ္စ ထည့်မပြောခဲ့ဘူးလို့ ဝေဖန်လိုက်ပါတယ်။ တောင်ကိုရီးယားအမျိုးသားလွှတ်တော် လူ့အခွင့်အရေးဖိုရမ်က အမတ် Hong Il-pyo က-

"တောင်ကိုရီးယား ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေအရဆိုရင် မြောက်ကိုရီးယားနိုင်ငံသားတွေ ဟာလည်း ကိုရီးယားနိုင်ငံသားတွေ အတူတူပဲလေ။ အဲ့ဒီတော့ ကျွန်တော်တို့ ဒီနိုင်ငံသားတွေရဲ့ လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံနေရတာအတွက် အလေးထားကြောင်းပြပြီးတော့၊ သူတို့ကိုယ်စား ပိုပြောပေးသင့်ပါတယ်။ဒါပေမဲ့ အစိုးရက ဒီလို မပြောပေးတော့၊ဒီဖွဲ့စည်းအုပ်ချုပ်ပုံက ပေးထားတဲ့ တာဝန်ကို ပစ်ပယ်ရာရောက်တာပေါ့နော်။"

တကယ်တော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေးကိစ္စအပေါ် နိုင်ငံတကာခုံရုံးတင်ဖို့ ပြောနေချိန်မှာ တောင်ကိုရီးယားသမ္မတ မွန်းကတော့ မြောက်ကိုရီးယား နျူကလီးယားပြဿနာမှာ ထိပ်တိုက်ရင်ဆိုင်မှု မဖြစ်ရေးအတွက် ဒီလူ့အခွင့်အရေးကိစ္စကို ချောင်ထိုးထားခဲ့တယ်လို့ အတိုက်အခံ အမတ်တွေက ဝေဖန်လိုက်ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားအစိုးရကို ဒီအိုလံပစ်ပွဲလာရင် တောင်ကိုရီးယားအစိုးရနဲ့ တွေ့ဖို့ လမ်းဖွင့်ပေးခဲ့ပြီးတဲ့နောက်ပိုင်း ၂၀၁၇ နှစ်ကုန်ပိုင်းကစပြီး မြောက်ကိုရီးယားအနေနဲ့ အရင် ၂နှစ်တုန်းက missiles စမ်းသပ်ပစ်လွှတ်မှု အကြိမ် ၂၅ကြိမ် လုပ်ခဲ့ပြီး အခုအချိန်မှာတော့ မလုပ်တော့ပဲ ရန်စမှုတွေကို ခန ရပ်ပေးခဲ့ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ တောင်ကိုရီးယား သမ္မတနဲ့တွေ့ဆုံရာမှာ နှစ်ဘက်ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံနိုင်ဖို့ မြောက်ကိုရီးယား ကို လာပါလို့ ထူးထူးခြားခြား ပြန်ဖိတ်လိုက်တာကြောင့် မြောက်ကိုရီးယားဘက်ကလည်း သိပ်မဆိုးပါဘူးလို့ နိုင်ငံတကာပုံရိပ်မှာ ပြန်ကောင်းသလို ဖြစ်ခဲ့ပါတယ်။

အခုလို ရန်ဖက် တောင်၊ မြောက် ကိုရီးယားနှစ်နိုင်ငံကြား ရွှေလမ်းငွေလမ်းပြန်ပေါက်သလို ဖြစ်လာတဲ့အပေါ်ကြိုဆိုပေမဲ့ အခြေခံလူ့အခွင့်အရေးတွေ ကိုလည်း ဒီဆက်ဆံရေး မဟာဗျူဟာမှာ ထည့်သွင်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရုံးက Signe Poulsen က တောင်းဆိုလိုက်ပါတယ်။

"အခုလို တွေ့ဆုံဆွေးနွေးပွဲတွေဖြစ်လာတာက ကောင်းပါတယ်။ တဖက်နဲ့ တဖက် စ ပြောလာနိုင်တာပေါ့နော်။ ဒါပေမဲ့ ဒီဆွေးနွေးပွဲတွေထဲမှာ လူ့အခွင့်အရေးကိစ္စတွေကိုလဲ အပိုင်းတစ်ခုအဖြစ် ထည့်သွင်းသင့်ပါတယ်။"

ဒီအပေါ် တောင်ကိုးရီးယားအစိုးရရဲ့ တောင်မြောက်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောခွင့်ရ Baik Tae Hyun က ဒီလူ့အခွင့်အရေးပြဿနာက ဦးစားပေး တခုဖြစ်တယ်လို့ အခုလိုပြောပေမဲ့ ဘယ်လိုအသေးစိတ် လုပ်ဆောင်မယ် ဆိုတာကိုတော့ ထည့်မပြောခဲ့ပါဘူး။

"မြောက်ကိုရီးယား လူ့အခွင့်အရေးကိစ္စကိုလည်း ကျွန်တော်တို့ အမျိုးသားရေးဆိုင်ရာ အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုအဖြစ် ကျွန်တော်တို့ ကိုင်တွယ်နေပါတယ်။ မြောက်ကိုရီးယားမှာ လူ့အခွင့်အရေးတိုးတက်မှုရှိလာအောင် ကျွန်တော်တို့ ဆက်ကြိုးပမ်းသွားမှာပါ။"

ဒါ့အပြင် မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးတိုးမြှင့်လိုတဲ့ တောင်ကိုရီးယားအစိုးရ အရာရှိ တချို့ကလည်း မြောက်ကိုရီးယား နျူကလီးယားပြသနာကို ပထမဦးစားပေး ရှင်းပြီး ပုံမှန်သံတမန်ဆက်ဆံရေး ပြန်ဖြစ်လာချိန်ကျမှသာ လူ့အခွင့်အရေးကိစ္စကို ဆက်ပြောသင့်တယ်လို့ ထုတ်ပြောနေချိန်မှာ အမေရိကန်ဘက်ကတော့ ဒီအိုလံပစ်ပွဲ သွားခဲ့တဲ့ အမေရိကန်ဒုသမ္မတ Mike Pence နဲ့အတူ မြောက်ကိုရီးယားထောင်ထဲမှာ သတိမေ့မျောနေခဲ့ပြီး သေခါနီးမှ အမေရိကန်ပြန်ပို့ခံခဲ့ရတဲ့ အမေရိကန်ကျောင်းသား ရဲ့ ဖခင်ကို အတူခေါ်သွားခဲ့ပြီး မြောက်ကိုရီးယား ဖိနှိပ်မှုအောက်က ထွက်ပြေး လာသူတွေကို သွားတွေ့ကာ လူ့အခွင့်အရေးကိစ္စတွေကို မီးမောင်းထိုးပြခဲ့ပါတယ်။

အဲ့တော့ အခုလို လုပ်ဆောင်နေတာတွေက အမေရိကန်အနေနဲ့ နောက်ဆုံးမှာ စစ်ရေးအရ ဖိအားပေးမှုတွေ လုပ်နိုင်ရေးမှာ အသုံးပြုဖို့ ဖြစ်နိုင်ပ့ါမလားလို့ စိုးရိမ်မှုတွေ ပေါ်လာနေချိန်မှာ Sejong Institute က မြောက်ကိုရီးယားကျွမ်းကျင်သူ David Straubက

"ကျွန်တော်ထင်ပါတယ်၊ ဒါက Kim Jong Un နဲ့ သူ့အစိုးရအပေါ် စီးပွားရေးအရနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ဖိအားတွေ အတတ်နိုင်ဆုံးတိုးပေးဖို့ နောက်ထပ် ကြိုးပမ်းမှုတစ်ခုပဲ ဖြစ်ပါတယ်။"

ဒါပေမဲ့ ကျွမ်းကျင်သူ David Straubက ဆက်ပြီး အခုလို တောင်ကိုရီးယားဘက်က မြောက်ကိုရီးယားနဲ့ဆက်ဆံရေး ပိုဦးစားပေးလာချိန်မှာ အမေရိကန်အနေနဲ့ ဖိအားပေးမှုတွေ ဆက်လုပ်နေတာကြောင့် တောင်ကိုရီးယားရဲ့ ကြိုးစားမှုကို ထိခိုက်စေနိုင်တယ်လို့ သုံးသပ်လိုက်ပါတယ်။

ကိုရီးယား ၂ နိုင်ငံ သင့်မြတ်ရေးနှင့် လူ့အခွင့်အရေးပြဿနာ
please wait

No media source currently available

0:00 0:04:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG