သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ဆူဒန် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ


တောင်ဆူဒန် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ
တောင်ဆူဒန် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ

ဆူဒန်နိုင်ငံတောင်ပိုင်းဟာ နိုင်ငံသစ်တခုအဖြစ် ဒီကနေ့ တရားဝင် ပေါ်ထွန်းလာပြီလို့ ကြေညာလိုက်ပါပြီ။ ဆူဒန် ဒေသစံတော်ချိန် သောကြာနေ့ည သန်းခေါင်မှာ တောင်ဆူဒန်သမ္မတနိုင်ငံဟာ ကမ္ဘာ့နိုင်ငံသစ်အဖြစ် ပေါ်ထွန်းလာခဲ့ပါပြီ။ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မြို့တော် ဂျူဘားမှာ ဒီကနေ့ ကျင်းပပါတယ်။ စစ်သားတွေက တောင်ဆူ ဒန်နိုင်ငံရဲ့ အလံတော်အသစ်ကို လွှင့်တင်ပြီး အရင် မြောက်ဆူဒန်ရဲ့ အလံဟောင်းကို ချလိုက်တဲ့အချိန်မှာတော့ သိန်းနဲ့သောင်းနဲ့ချီတဲ့ ပြည်သူတွေက သောင်းသောင်းဖျဖျ ကြွေးကြော် အော်ဟစ်ခဲ့ကြပါတယ်။ လွှတ်တော်သဘာပတိ James Wani Igga က အခမ်းအနားကို တက်လာကြတဲ့ ပရိတ်သတ်တွေရဲ့ရှေ့မှာပဲ လွတ်လပ်ရေးရတဲ့အကြောင်း တရားဝင် ကြေညာချက်ကို ဒီကနေ့ ဖတ်ပြပါတယ်။

သမ္မတ ဆဲလ် ဗာကီးရ် ကလည်း အစိုးရအဖွဲ့သစ်ရဲ့ခေါင်းဆောင်အဖြစ် ကျမ်းကြိမ် သစ္စာဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တိုင်းပြည်ကို တိုးတက်မှုတွေရှိလာအောင် အစိုးရကို အုပ်ချုပ်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။

လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို ဂျူဘားမြို့တော် အားကစားကွင်းထဲမှာ ဆက်ပြီးတော့ ကျင်းပနေပါတယ်။ အဲဒီအားကစားကွင်းကို ဂျွန်ဂါရန် အားကစားကွင်းလို့လည်း နံမည်ပြောင်းခဲ့ပါတယ်။ ဂျွန်ဂါရန်ဟာ ဆူဒန်ပြည်တွင်းစစ်အတွင်း တောင်ပိုင်းတပ်ဖွဲ့တွေကို ဦးဆောင်ခဲ့တဲ့သူပါ။

ဒီကနေ့ လွတ်လပ်ရေးနေ့ အခမ်းအနားမိန့်ခွန်း ပြောကြတဲ့သူတွေထဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၊ တောင်ဆူဒန် သမ္မတ ဆဲလ်ဗာကီးရ်နဲ့ မြောက်ဆူဒန်သမ္မတ အိုမာ အလ်ဘရှားတို့ ပါဝင်ပါတယ်။ တောင်ဆူဒန်သမ္မတက ဆူဒန်ပဋိပက္ခအတွင်းမှာ တောင်ပိုင်းဆူဒန်ကို ကူညီဖေးမခဲ့ကြတဲ့ နိုင်ငံတွေ အားလုံးကို ကျေးဇူးတင်ကြောင်း၊ တောင်ဆူဒန်ပြည်သူတွေဟာ ဖြစ်ပျက်ခဲ့တာတွေကို ခွင့်လွှတ်ရလိမ့်မယ်၊ ဒါပေမဲ့ ထိခိုက် ခံစားခဲ့ရတာတွေကိုတော့ ဘယ်တော့မှ မေ့မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပြီးတော့ နိုင်ငံရဲ့ တောင်ပေါ်တိုင်းရင်းသား ဒေသတွေမှာ ငြိမ်းချမ်းရေးတွေကို စပြီးလုပ်ဆောင်ဖို့ စဉ်းစားကြရမယ်လို့ ဆိုပါတယ်။

မကြာခင်လပိုင်းတုန်းက ဖမ်းဆီးခံထားရတဲ့ တိုက်ခိုက်ရေးသမားတွေကိုလည်း ပြန်လွှတ်ပေးမယ်လို့ သူက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကတော့ ဂုဏ်သိက္ခာနဲ့ လွတ်လပ်ရေးဟာ မွေးရာပါ အခွင့်အရေးပဲ ဆိုတာကို တောင်ဆူဒန်ပြည်သူတွေက ပြောနေကြပြီလို့ သူ့ရဲ့မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ကျင်းပခဲ့တဲ့ လူထုဆန္ဒခံယူပွဲမှာ မြောက်ပိုင်းနဲ့ ခွဲထွက်လိုတဲ့အကြောင်း လူထု ဆန္ဒမဲတွေ တခဲနက် ပေးခဲ့ကြပြီးနောက်ပိုင်း အခု လွတ်လပ်ရေး ရခဲ့တာ ဖြစ်ပါတယ်။

တောင်ပိုင်း ဆူဒန်သမ္မတနိုင်ငံရဲ့ လွတ်လပ်ရေးနေ့မှာ အမေရိကန် ပြည်ထောင်စုက တောင်ပိုင်းဆူဒန်ကို တရားဝင် အသိအမှတ် ပြုလိုက်ပါတယ်။ သံခင်းတမန်ခင်းအရ အခုလို ကမ်းလှမ်းကြိုဆိုရတဲ့အပေါ် နှစ်ထောင်းအားရဖြစ်ရပါကြောင်း စနေနေ့မှာထုတ်ပြန်တဲ့ သမ္မတ ဘားရက်အိုဘားမားရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အသစ်ထွက်ပေါ်လာတဲ့ တောင်ပိုင်း ဆူဒန်ရဲ့ လွတ်လပ်ရေး ကြေညာချက်ဟာ သမိုင်းဝင် အောင်မြင်မှုဖြစ်ကြောင်း၊ စစ်ပွဲအတွင်း ပေါ်ထွက်လာတဲ့ အရုဏ်ဦး ရောင်ခြည်ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

တောင်ပိုင်းဆူဒန်ပြည်သူတွေရဲ့ နိုင်ငံသစ် တည်ထောင်ရာမှာ လုံခြုံရေး၊ ဖွံ့ဖြိုးရေးနဲ့ လိုက်လျောညီထွေရှိတဲ့ အုပ်ချုပ်ရေး ဖော်ဆောင်ရာမှာ တောင်ပိုင်း ဆူဒန်ပြည်သူတွေနဲ့အတူ လက်တွဲ ဆောင်ရွက်လိုပါတယ်လို့ အမေရိကန်သမ္မတက ကမ်းလှမ်းလိုက်ပါတယ်။

မြောက်ပိုင်းနဲ့ တောင်ပိုင်း ဆူဒန် တို့ဟာ ၂၀၀၅ ခုနှစ် ငြိမ်းချမ်းရေးသဘောတူညီချက်ကို အပြည့်အ၀ အကောင်အထည်ဖော်ဖို့ စစ်ပွဲကို ရပ်စဲပြီး ရေနံပေါကြွယ်ဝတဲ့ Abyei ဒေသရဲ့ အငြင်းပွားနေမှုကို ညှိနှိုင်းဆွေးနွေး အဖြေရှာဖို့ကိုလည်း သမ္မတ အိုဘားမားက တိုက်တွန်းလိုက်ပါတယ်။

အသစ်ထွက်ပေါ်လာတဲ့ တောင်ပိုင်းဆူဒန် သမ္မတနိုင်ငံဟာ ကမ္ဘာ့စီးပွားရေး အခွင့်အလမ်းကောင်းတွေ ရှိတဲ့ အရပ်ဒေသတခု ဖြစ်လာပါပြီ။ ဒါပေမဲ့ သူ့ရဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးကိစ္စမှာတော့ စိန်ခေါ်မှုတွေ အများအပြား ရှိနေပါတယ်။ အဲဒီနိုင်ငံတွင်းက သယံဇာတဟာ အာဖရိက ဆာဟာရ သဲကန္တာယဒေသမှာ တတိယအကြီးဆုံး ဖြစ်ပါတယ်။ ခန့်မှန်းချေ ၈ သန်းကနေ ၁၃ သန်းအထိ ရှိတဲ့ နိုင်ငံသားတွေဟာ လွတ်လပ်ရေးကို တညီတညွတ်တည်း လိုလား ထောက်ခံကြပါတယ်။

ဇန်နဝါရီလက မဲပေးသူ ၉၈ ရာခိုင်နှုန်းဟာ မြောက်ပိုင်းကနေ ခွဲထွက်ဖို့ မဲပေးခဲ့ကြပြီးတော့ မြောက်ပိုင်းနဲ့ တောင်ပိုင်းဟာ ၂၁ နှစ်တိတိ စစ်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့လတွေအထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဆူဒန်တောင်ပိုင်း နယ်နိမိတ်အတွင်း လက်နက်ကိုင်အဖွဲ့အစည်း အနည်းဆုံး ၇ ဖွဲ့ရှိနေပြီး ဒီနှစ်အတွင်း ဆူဒန်နိုင်ငံသား ၂,၃၀၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်း တွက်ချက်ထားပါတယ်။ သယံဇာတ ခွဲဝေသုံးစွဲရေးကိစ္စ အငြင်းပွားနေမှုကို အဖြေမရှာနိုင်ရင် မြောက်ပိုင်းနဲ့ ပြန်ပြီးတော့ စစ်ဖြစ်ပွားနိုင်သေးတယ်လို့လည်း ကုသလမဂ္ဂရဲ့ သုံးသပ်ချက်ထဲမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

ဒီကနေ့ စနေနေ့မှာ ပေါ်ထွန်းလာတဲ့ တောင်ပိုင်း ဆူဒန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အသစ်ပေါ်လာတဲ့ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။

XS
SM
MD
LG